Saturday 10 August 2013

ရဟန်းတစ်ပါးနဲ့ မိုး

 သူရောက်ရှိနေသော အရပ်ဒေသက မိုးနည်းရပ်ဝန်းဒေသတစ်ခုဖြစ်သည်၊ ဒေသ ပေါက်ရောက်တဲ့ သစ်ပင်တွေခပ်များများက မိုးနည်းရပ်ဝန်းဒေသမှာတွေ့ရတတ် သော ကန္တာရပင်များ၊ တမာပင်များ၊ မကြီးပင်များက ခပ်များများ ဖြစ်နေသည်၊ တစ် ချို့ အမည်မသိသေးသော အပင်ငယ်လေးများလဲ လမ်းဘေးဝဲရာတွင် တွေ့ရတတ် သည်၊

သူနေထိုင်သောအရပ်ဒေသသည် အာရှမှာအကြီးဆုံးတက္ကသိုလ်ကြီးတစ်ခု ရှိသည်၊ သို့သော် တက္ကသိုလ်ကြီးကို ပိုင်ဆိုင်သော ချီရန်ဘရန်မြို့လေးသည် ခပ်သေး သေး ဇနပုဒ်လေးသာ၊ လမ်းဘေးဝဲယာလောက်သာ အိမ်ကြီးအိမ်ကောင်းရှိသည်၊
လမ်းမကြီးတွေပေါ်တွင် ဘေးမဲ့နွားများ လွတ်လွတ်လပ်လပ်သွားလာနေတတ်တာ တွေ့ရတတ်သည်၊

မှောင်ရီပြိုးလာချိန်တွင် လမ်းဘေးဝဲယာတွင် ဆိတ်မိသားစုများ စတည်းချလာတာ မြင်ရတတ်သည်၊ မဇ္ဈိမသားတို့၏ ဒီမိုကရေစီသည် လူတင်မဟုတ် တိရစ္ဆာန်တွေပါ အကြုံးဝင်နေပုံရသည်၊ အားလုံး လွတ်လွတ်လပ်လပ်၊
ကားတို့ ၊ ဆိုင်ကယ်တို့ မောင်းနှင်လာလျှင် တိရစ္ဆာန်တွေကို ရှောင်နေရတာက ခရီး နှေးကွေးစေသည်၊ သို့သော် အားလုံးက အေးအေးဆေးဆေး၊

မဇ္ဈိမဒေသအများစုသည် နေအပူကို မကြောက်သော်လည်း မိုးရွာလာလျှင် လမ်းမ တွေပေါ်တွင် အားလုံး ပျောက်ဆုံးကုန်သည်၊ မိုးလုံလေလုံရာသို့ အသီးသီး ၀င်ရောက် ခိုလှုံနေကြသည်၊

မိုးခေါင်ရေရှား ရပ်ဝန်းဒေသဖြစ်သော သူနေထိုင်ကျောင်းတက်ရာမြို့လေးတွင် မုတ်သုတ်ဝင်ချိန်နောက်ကြတတ်ပြီး မိုးရေချိန်လက္မလဲ နည်းပါးရှားသည်။ နှစ်စဉ် ကိုးလပိုင်းနှင့် ဆယ်လပိုင်းလောက်သာ မိုးရေချိန်များများစားစား ရွာချတတ်သည်၊

အခု သူနေသော မိုးနဲရပ်ဝန်းဒေသတွင် မိုးဖွဲလေးတွေမကြာမကြာရွာလာတတ်သည်၊
မိုးရွာတိုင်း ငယ်ငယ်က ဆိုဘူးသော မိုးသီချင်းကို စိတ်ထဲက တိုးတိုးလေး ငြီးတတ် သည်၊ ရဟန်းနဲ့ သီချင်းသည် နစ္စဂီတဆိုတဲ့ ပညတ်တော် ဥပဒေနဲ့ အဆီအငေါ်မ တည့်ချင်၊ ပုထုဇဉ်သည် ဥပဒေကို လက်တစ်လုံးကြားလုပ်တတ်တာများသည်။

ဒါကြောင့်ထင်သည် ပုထုဇဉ်သည် ဥပဒေတွေကို မျက်ကွယ်ပြုရင်း လက်တစ်လုံး ကြားလုပ်ရင်း အမှောင်ထဲကို ပြေးဝင်နေကြတာဖြစ်မည်၊ သူလဲပုထုဇဉ် စစ်စစ်ကြီး သာဖြစ်နေသေးတော့ အမှောင်ကြိုက်နေမိတာပဲ ဖြစ်မည်၊

မိုးတွေရွာတိုင်း ငယ်ငယ်ကတော့ မိုးရေထဲမှာ ဆော့ကစားရတာပျော်သည်၊ သူမွေး ဖွားရာ အညာသည်လဲ မိုးနဲရပ်ဝန်းဒေသတစ်ခုသာ မိုးရေချိန်လက္မနဲပါးခဲ့သည်၊ ဒါ ကြောင့်ထင်သည် သူသည်မိုးနဲ့ သဟဇာတသိပ်မဖြစ်ချင်၊ မိုးတွေ့လျှင် ဖျားချင်၊ နာ ချင်သည်၊ စင်စစ် သူမွေးလသည် မိုးတွင်းကြီး ထီးထီးမားဖြစ်နေတာက လွှဲမှားစရာ တစ်ခုပမာ။

သူမန္တလေးရွှေမြို့တော်ကြီးကို စာသင်ရောက်တော့ ဆွမ်းခံချိန်တွေဆို မိုးမရွာပါစေနဲ့ ဆုတောင်းရတာအမြဲဖြစ်သည်။ မိုးရွာလျှင် ဆွမ်းခံပျက်ရသည်။ ဆွမ်းခံကြွနေတုန်း ဗျုန်းဆိုမိုးရွာချလျှင် သင်္ကန်းကစို သပိတ်ညိုနဲ့ မိုးရေတွေစီးကျနေသော သင်္ကန်းရုံ လျှက်ကြီးနဲ့ သွားရလာရတာ အဆင်မပြေတော့၊ ဆွမ်းခံအိမ်တွေဆီကိုလဲ မိုးမိထား သောကိုယ်နဲ့ ဆွမ်းရပ်ဖို့ အဆင်မပြေတော့၊

တစ်ခါတစ်ခါ လမ်းတစ်ဝက်က မိုးမိလို့ ခရီးမဆက်နိုင်ပဲ ကျောင်းပြန်ခဲ့ရဖူးသည်၊ ဆွမ်းခံမထွက်ခင် မိုးစရွာလျှင်တော့ သူအ တွက်ကံကောင်းလှသည်၊ ကျောင်းတိုက်ကြီးက ငါးပိရည်တစ်ခွက်၊ ပဲပြုတ်တစ်ခွက် နပ်တစ်ချက် မနပ်တစ်ချက် အလှည့်ကြချက်ကျွေးသော ဆွမ်းတစ်နပ်ကို ဘုန်းပေး ဖို့ အချက်ပေး သံချောင်းသံကြားရတတ်သည်၊

 ဒီလိုနဲ သူသည် မိုးကို အမျိုးမျိုးရှောင်ကွင်းလာတတ်သည်၊ မိုးမမိအောင် နေတတ် လာသည်၊ မိုးရွာလျှင် စာအံကျောင်းတွေ၊စာဝါတွေ ပိတ်တတ်သည်၊ ထိုအခါ မိုးကို ကျေးဇူးတတ်လာသည်၊

အောက်ပြည်အောက်ရွာ ရန်ကုန်မြို့ကြီးကို ပြောင်းလာတော့ သူနဲ့သဟဇာတမဖြစ်သောမိုးသည် မရှောင်ကွင်းနိုင်ပဲထိပ်တိုက်တွေ့ပြီး ခဏခဏရင်ဆိုင်စိုရွှဲလာရသည်၊ ဘယ်လိုမှ ရှောင်လွှဲမရ၊ အပြင်ထွက်သည့်အခါတိုင်း လက်ထဲတွင် မိုးကိုကာကွယ်ရန် ထီးတစ်ချောင်း မပါမဖြစ်ပါ လာရသည်၊

သို့တိုင်အောင် မိုးသည် တစ်ခါတစ်ရံ ခြုံကွယ်တိုက်ခိုက်ချင်သည်၊ ညိုဟန်မပြ မဲယောင်မဆင် တိမ်လိပ်မသန်း မရမ်းလို မပြာပဲ သဲသဲမဲမဲ ရွာချတတ် တဲ့အခါတွေ မနဲမနောကြုံရတတ်သည်၊

ဆွမ်းခံထွက်တိုင်းလဲ မိုးဖွဲလေးထဲ မမြဲလိုထွက်ဖြစ်လာသည်၊ မနံခင်း လင်းအာရုံမကျ တစ်ကျ အပတ်စဉ်ဆွမ်းလှည့်ကျရာ ဓမ္မာရုံများဆီသွားတော့လဲ မိုးကခပ်ဖွဲဖွဲ ဘယ်လိုမှ ရှောင်လွှဲမရပဲ မိုးနဲ့ ပက်ပင်းတိုးနေရတော့သည်၊
အသားမကျချင်အခါက သူသည် မိုးမိလို့ နှစ်ခါနှစ်ချီတောင် အအေးမိနှာစေး တုပ်ကွေးကွေးလိုက်ရသေးသည်၊ နောက်တော့ မိုးနဲ့သူသည် အသားကျလာသည်၊
အညာသား မိုးသိပ်မကြောက်တော့၊ မိုးနဲ့ သဟဇာတဖြစ်လာသည်၊

မိုးနဲ့အသားကျလာသော သူသည် အခုတစ်ဖန်မိုးရေချိန်နဲ့သော အရပ်ဒေသတွင် နေထိုင်လာရသောအခါ မိုးကို လွမ်းသလိုလို ရှိလာသည် မိုးကို မျှော်တတ်လာသည်၊

ရေတစ်အိုး မိုးတစ်ပေါက် ဆိုသလို မိုးတစ်ပေါက်သည် သူ့အတွက် ရေတစ်အိုးထက် အရေးကြီးလာသည်၊

ပြောရင်းဆိုရင်း အပြင်မှာ မိုးဖွဲလေးတွေကျနေတာ မြင်ရသည်၊ သူရင်ထဲပျော်သလိုလို ရွှေပြည်ကြီးက မိုးရေတွေကို လွမ်းသလိုလို၊ မိုးမရွာသော မိုးခေါင်းရေရှားဖြစ်နေသော သူ့မွေးရပ်ကို မေတ္တာပို့ပြီး မိုးပရိတ်ငါးရံ့မင်းတရားကို များများ ပွါးများပေးရမလိုလို၊

ဘာသာနေထိုင်ရင်း မိုးရွာတိုင်း ခုတော့ မိုးသီချင်း မဆိုဖြစ်တော့၊ မငြီးဖြစ်တော့ မိုးနဲ့ပတ်သက်ပြီး ရထားဘူးတဲ့ ဓမ္မပဒထဲက -

''ယထာ အဂါရံ သုစ္ဆန္နံ၊ ဝုဋ္ဌီ န သမတိဝိဇ္ဈတိ။
 ဧဝံ သုဘာဝိတံ စိတ္တံ၊ ရာဂေါ န သမတိဝိဇ္ဈတိ''

“အမိုးကောင်းကောင်း မိုးမထားတဲ့ အိမ်ကို မိုးရေမိုးပေါက်တွေဝင်ရောက်စိုစွတ်သလို
မိမိရဲ့ စိတ်ကို သမထ၊၀ိပဿနာနဲ့ မမိုးထားဘူးဆိုရင် ကိလေသာမိုးရေ မိုးပေါက်တွေ ၀င်ရောက်ဆိုစွတ်နိုင်တယ်၊” ဆိုတဲ့ အဆုံးမကို သတိရရလာတတ်သည်၊

 ထိုအခါ သူ့စိတ်ကို အမိုးမိုးဖို့ လိုလိုလာနေတာ သတိထားမိလာသည်၊ သူ့စိတ်ကို ငုံ့ကြည့်လိုက်တော့ မိုးရေမိုးပေါက်တွေ စိုစွတ်နေတာ မနည်းမနောပါလား၊ အဆောင်ကနေ အပြင်ဘက်ကို ကြည့်လိုက်တော့လဲ မိုးသည် ဖွဲရာကသဲလာသည်၊ သဲရာက မဲ လာသည်၊ သဲသဲမဲမဲ ရွာချနေသည်၊

သူ့ရင်ထဲတွင်လဲ မိုးတွေ သဲသဲမဲမဲရွာချနေလေပြီ၊ မိုးမယိုအောင် ဘယ်လိုကာရပါ့မလဲ ။ ။

ရွှေမန်းသား
http://mingalargarden.blogspot.in/

ကျမ်းကိုး =
ဓမ္မပဒ နန္ဒတ္ထေ ၀တ္ထု။

No comments:

Post a Comment