Sunday 15 June 2014

အကယ်၍သာ



(၁)

ဝေစော ကြွေမော
ဖြေပြောမရ တသသနှင့်
နေ့ညပတ်လုံး
ယူကြုံးမရ ထာဝရပင်
အစဉ်ရှင်သန်နေမည့်
ပန်းတစ်ပင်

(၂)

ဖြန်း ဖြန်း ဖြန်း----------------
ဟာ ကံမြင့် မလုပ်နဲ့ မလုပ်နဲ့ တားဆီးစကားဆိုရင်း လှမ်းဖမ်းလိုက်သော လက်တစ်စုံကို သူမမှီလိုက်
တော့ ၊ ကံမြင့်သည် အရက်အရှိန်နဲ့ တော်တော်ထွေနေပြီး ရင်ထဲက ခံစားချက်တို့ကလဲ ပေါက်ကွဲ ထွက်လုလု နုနုစိုးနဲ့ သူ့ကောင်လေးတို့ အတူတူ ယှဉ်တွဲထိုင်နေသော မြင်ကွင်းကို အဝေးကနေ လှမ်း မြင်ကတည်းက ဒေါသတို့ တရိပ်ရိပ် တက်လာဟန်ရှိသည်၊ ယခု ဒေါသနဲ့ အတူ လက်ကပါ ပါသွားပြီ၊

နုနုစိုးကတော့ ဘာစကားမှ မဆို ရှက်လို့ထင်သည် မျက်နှာငုံ့ထားဆဲ၊ သူ့ဘေးက သူ့ကောင်လေးက တော့ နုနုစိုး လွယ်အိတ်ကို ကောက်ပေးရင်း သူတို့စားသောက်ထားသော လ္ဘက်ရည်ဖိုးကို ရှင်းပေးနေသည်၊

အခြေနေသည် ရှုပ်ရှုပ်ထွေးထွေး၊ ဆုံဆည်းရာ လ္ဘက်ရည်တစ်ဆိုင်လုံးက မျက်လုံးတွေသည် သူတို့ ပဋိပက္ခဆီသို့ အားလုံး စုပုံကျရောက်ကုန်သည်၊
ကံမြင့်သည် အရက်အရှိန်နဲ့ ဘာကိုမှမမြင် မဆင်ခြင်ပဲ၊ “နုနုစိုး နင့်ကို ငါသတ်ချင်တယ်၊ သစ္စာမရှိတဲ့ မိန်းမ၊ ကတိမတည်တဲ့ မိန်းမ၊ ငါ့ဘ၀ကို ဖျက်ဆီတဲ့ မိန်းမ၊” နင့်နင့် သီးသီး
ခါးသီးသော စကားလုံးတွေသာ တစ်လုံးချင်း တစ်ခုချင်း ပစ်သွင်းနေသည်၊

“လာပါ ကံမြင့်ရာ၊ သူလဲ သူ့ဘ၀နဲ့ သူပဲ ထားလိုက်ပါ၊ မင်းအမြင်ပဲ မို့လား သူ့လဲ သူလးနဲ့ သူဖြစ်နေပြီ လက်လျှော့လိုက်ပါ” ပြေလည်ရာ ပြေလည်ကြောင်း ဒေါသကောက်ကြောင်းကို လမ်းကြောင်း ပြောင်းစေဖို့ သူက စကားတစ်ချို့ပြောလိုက်သည်၊

“ဒီကောင်မှကို ငါသတ်ရမှ အေးမယ်ကွ၊ အာ ငါကွာ” ခြေထောက်နဲ့ ကန်လိုက်သော ခွေခြေလေးသည် ဆိုင်အပြင် အဝေးတစ်နေရာကို လွင့်လျှက်၊
ဒေါသနဲ့ ယမကာ ၊ အသည်းကွဲမှုနဲ့ ခံပြင်းစိတ်တို့က တရိပ်ရိပ်တက်လာပြန်ဟန်တူသည်၊ ကံမြင့်ကို သူဆွဲရခက် ထိန်းရမနိုင်ဖြစ်လာသည်၊ နုနုစိုးတို့ စုံတွဲက ဆိုင်ကယ်ကို စီးလျှက် မောင်းထွက် သွားကြလေပြီ၊ ကံမြင့်လဲ ဆိုင်ထဲက အတင်းထွက်ကာ ဆိုင်ကယ်နောက်ကို တောင်လျှောက် လိုက်နေသည်၊ ခက်သား ဘယ်လို တားဆီရပါမလဲ၊

သူ့သူငယ်ချင်း ကံမြင့်က တနင်္လာသားပေမယ့် ဒေါသက တော်တော်ကြီးသည်၊ ရှေ့က နုနုစိုးတို့ ဆိုင်ကယ်က အဝေးကိုရောက်သွားလေပြီ ကံမြင့်က ဒါသတွေနဲ့ သောကတွေနဲ့ လက်တစ်ဖက်က ပုဆိုးစကို ကိုင်လျှက်နောက်ပြန်လှည့်လာသည်၊
ကြိုတင်တွက်ဆ မထားလိုက်ရသောကံကြမ္မာက မြန်ဆန်လှသည်

မုံရွာတက္ကသိုလ်ထဲက ကျောင်းသား တစ်ယောက် တဝေါဝေါနဲ့ ဒုန်းဆီးလာသော DT ဆိုင်ကယ်ကြီးက ကံမြင့်ကို ကံနိမ့်သွားစေသည်၊ ဖြစ်ရလေ ကံမြင့်ရာ၊
ဆုံဆည်းရာ လ္ဘက်ရည်ဆိုင်အပြင်ကို လှမ်းကြည့်လိုက်တော့ ကျောက္ကာလမ်းပေါ်က နေသည်၊ အရင်နေ့တွေထက် ပူပူပြင်းပြင်း ၊ ကျောက္ကာလမ်းဘေး တမာပင်တွေက အရင်နေ့တွေထက်

ပိုစိမ်းပြနေသည်၊ အညာတွင် တမာတွေက အရင်ထက် စိမ်းပြီး အရင်ထက် ခါးနေကြလေသည်၊ ကျောက္ကာလမ်းမပေါ်က ကတ္တရာတွေက ပိုပြီးပူလောင်တောက်ပနေသည်၊ အော် အညာနွေနဲ့ တမာတွေက ကံမြင်အတွက် ပိုပြီးစိမ်း ပိုပြီး ပူလောင်ပြနေတာပါကောလား

(၃)

အတိတ်သည် အရိပ်လို လိုက်တတ်သော ကောင်းကြောင်းတစ်ခုဆိုလျှင် သူနှင့် နုနုစိုးတို့ရဲ့ ငယ်စဉ်က အတိတ်ကြောင်းသည် သူ့ရင်တွင် အစဉ်ခိုဝင်လျှက်ရှိသည်၊
“ဟေ့ကိုရင် ကံမြင့် ဘာတွေလဲ”
“ ပိတောက်ပန်းတွေလေဟ”
“နည်းနည်းပေးပါလား ပေးပါဘူး ငါ့ အစ်မအတွက် အပင်မြင့်ကြီးပေါ်က ခူးလာရတာ”
“ပေးပါ ကိုရင်ရယ် ကိုရင် အစ်မလဲ အဲဒီလောက်ပန်းတွေ အများကြီး မပန်နိုင်ပါဘူး”
“မပေးဘူး မကုန်ရင် ဘုရားတင်လိမ့်မယ်လေ”
“မပေးရင် တပည့်တော်က လုယူမှနော်”
“လုလို့ရရင် လုလေ”
“ဒါဆို လုပြီးနော် လွှတ်အောင် ပြေး”
“ပြေးပြီ ပြေးပြီ ဟားဟား မှီရင် လာလုလေ”

“ဂွပ်--- အား ကျွတ်ကျွတ်” လမ်းမပေါ်ထောင်နေသော အုတ်နီခဲက ခြေမကို ထိုးခွဲပြီး ကိုရင်ကံမြင့် လဲလေသည်၊ လူလည်းလဲ သွေးတွေကလည်း ရဲသွားသည်၊
ကိုရင် ဘာဖြစ်သွားသေးလဲ နုနုစိုးက စိုးရိမ်စကားဆိုရင်း အရက်ပြန်နှင့် ဂွမ်းစတွေ

သူ့အိမ်ကို ပြေးယူပြီး အနာကို ဆေးထည့်ပေးလေသည်၊ ခက်ခက်ခဲခဲ ခူးလာခဲ့သော ပိတောက်ပန်းတို့သည် မြေပြင်ပေါ် ခွေလဲ ကြွေလဲနေကြပြီ၊ အော် ကြေကွဲစရာ အဖြစ်ပါပေ၊
ပန်းပေးရင် အလှမ်းဝေးတတ်တယ်ဆိုတဲ့ စကားကို သိထားလေတော့ နုနုစိုးကို ပန်းမပေးချင်၊ ဒါကြောင့် တမင်ရှောင်ပြေးလေခြင်းပင်၊ အခုတော့ ပန်းတွေသည် ဘုရားလဲမတင်ရ အစ်မလဲ မပန်ရ မြေပြင်မှာ ကြေပြန့်ကျဲပြီး အမှိုက်ပဲဖြစ်သွားကြလေပြီ၊

ပိတောက်ပန်းတွေ မြေမှာ ပြန့်ကျဲသွားပေမယ့် နုနုစိုးနဲ့ သူနဲ့ ဆက်ဆံရေးက ပိုပြီး နွေးထွေးလာခဲ့သည်၊ နီးနီးကပ်ကပ် ဖြစ်လာသည်၊ ကျောင်းကို အာရုဏ်ဆွမ်းလာပို့တဲ့ ရက်တိုင်း အနာကို ဂရုတစိုက် ဆေးထည့်ပေးသည်၊ စားစရာ တစ်ခုခု ယူလာပေးသည်။ သူကလဲ ကျောင်းက ဝေစုရထားသော ငှက်ပြောသီး သရက်သီး ထန်းလျှက်ခဲများကို နုနုစိုးကို ပြန်ပေးဖြစ်သည်၊

သံယောဇဉ်သည် ဘာသာမသိမီ ရှင်သန်နှောင်တွယ်လာသည်၊ ရှင်သန်နေသော သံယောဇဉ်ကို အခက်ဝေ အရွက်မကြွေဖို့ သူ့ရင်ထဲက သက်သေတွေနဲ့ ပြချင်နေသည်၊ ဒါပေမယ့် အခွင့်မသာ အခါ မရောက်သေးလေတော့ စောင့်ရင်းနဲ့ဝေး တွေးရင်းနဲ့ အိပ်ပျက်ညတွေကြုံလာရသည်၊
ကံကြမ္မာသည် တံရံတစ်ခါသာ ကောင်းပြီ တစ်ရံတစ်ခါတွင် အဆိုးလောကဓံတွင် လူလှိမ့်ကာ ခံစားရတတ်ပြန်သည်၊

(၄)

ဘာလိုလိုနဲ့ နွေကျောင်းပိတ်ရက်တွေသည် မြန်ဆန်လွန်းနေသည်။ နှစ်စဉ်နှစ်တိုင်းထက် သည်နှစ်က ပိုမြန်နေသယောင် ထင်ရသည်၊ ပိတောက်ပင်ထက်ဆီက ဥကြငှက်တို့က လွမ်းသူကို လှမ်းကူလို့ လွမ်းစေသလို ရှိနေသည်။ မုံရွာစာသင်တိုက်က ကျောင်းးတွေလဲပြန်ဖွင့်ပြီ စာဝါတွေ ပြန်စနေပြီ မပြန်ချင်ပေမယ့် ပြန်ရတော့မည်။

ပြန်မယ့်နေ့ ရွာထိပ်က ကားဂိတ်တွင် သူငယ်ချင်းတွေ စုံနေပြီ၊ သူက မုံရွာရေဦးကားကို နောက်ကျပြီးမှ လာပါစေ ဆုတောင်းနေသည်၊ နုနုစိုးကို ဒီမနက် နှုတ်ဆက်ဖို့ မတွေ့ရသေး၊ ခွဲခွါကာနီးလေး တွေ့ချင် နေသေးသည်၊

“ ကားလာပြီဟေ့ ကားလာပြီ လူဆန့်ရင် အားလုံး အကုန်တက်မယ်၊ မဆန့်ရင် တစ်ဝက်နေခဲ့၊” ရေဦးဘက်က ထွက်လာခဲ့သော မုံရွာကားက သူ့တို့ ရွာထိပ်ဆီရောက်လာပြီ ၊ လူအကုန်မရပါစေနဲ့ လို့ သူဆုတောင်းနေသည်၊ ဆုတောင်းမပြည့် အားလုံး သူ့တို့ ငါးပါးစာအတွက် နေရာတွေရနေသည်၊ နုနုစိုးက လာမည်ပြောပြီး မလာ၊

“ကဲ ရပြီး ဆရာရေ့ ဆွဲမယ်၊” ကားစပါယ်ယာရဲ့ “ရပြီဆရာရေ့”အသံနဲ့ အတူမုံရွာဘက်ဆီ ဦးတည်ထားတဲ့ ကားဟာထွက်သွားပြီ၊ ရွာထိပ်နဲ့ ကားလမ်းကြားက လူသွားလမ်းပေါ်တွင် တစ်စုံတစ်ယောက် ပြေးလာနေတာ ကားပေါ်က လှမ်းမြင်နေရသည်။ သေချာပါသည် အဲဒီလူဟာ နုနုစိုးပဲ ဖြစ်မည်။
ကံကြမ္မာသည်၊ တစ်ရံတစ်ခါ ထိုကဲ့သို့ပင် မြင်ချင်လျှက်နှင့် မမြင်ရင် ၊ ကြင်ချင်လျှက်နှင့် မကြင်ရ၊ ဘ၀တို့က ဝေးကွာလှသည်၊ ဘာတတ်နိုင်မှာလဲလေ၊

(၅)

ရာသီစက်တို့သည် မရက်မနား ပြေးသွားကြသလို နုနုစိုးနဲ့ သူရဲ့ ချစ်ခြင်းတရားကလဲ တစ်နေ့တစ်ခြား ခိုင်မာလာသည်။ ဝေးကွာနေပေမယ့် စာနဲ့ တစ်မျိုး လူကြုံနဲ့အမှာ စကားနဲ့ တစ်ဖုံ ကြုံသလို ဆက်သွယ် ဖြစ်နေသည်၊

နွေကျောင်းပိရက်တွေ ရွာပြန်ရင် နုနုစိုးနဲ့ တွေ့ဖြစ်သည်။ ညနေတိုင်း ရေခပ်လမ်းတွင် နုနုစိုးကို မျှော် ဖြစ်သည်၊ သင်္ကြန်တွင်း ဥပုသ်ရက်တွေတွင် နုနုစိုးကို ခိုးတွေ့ဖို့ အခွင့်အရေးရလေသည်။

သူလဲ မုံရွာ၊ မန္တလေး၊ ရန်ကုန် နေရာတွေစုံ စာသင်တိုက်တွေ ခဏခဏပြောင်းလို့ အကြီးတန်းတောင် ရောက်လာသည်၊ နုနုစိုးကလဲ ဆယ်တန်းအောင်လို့ မုံရွာတက္ကသိုလ်တောင် ရောက်လာပြီ၊
တစ်နှစ် နွေရာသီ ကျောင်းပိတ်ရက်တွင် ရွာထိပ်က ကံဘောင်ပေါ်တွင် နုနုစိုးနဲ့ တွေ့ဖြစ်သည်၊ နှစ်ယောက်သားတွေ့ရတော့ ပျော်ရွှင်ရသည်။ ပျော်နေသော အပျော်တွေကို တိတ်ဆိတ်ရန် နုနုစိုးက စကားစသည်၊

“ ကံမြင့် နင်က ဘယ်လိုလဲ ငါ့ကို တကယ်လက်ထပ်မှာလား”
“ အေး ကိုယ်ချစ်တဲ့ သူကို လက်ထပ်မှာပေါ့ ဟ ဘာလို့လဲ”
“ ဘာလို့လဲ ဆိုတော့ လက်ထပ်မယ်ဆို ဒီအတိုင်း နေလို့ မဖြစ်ဘူးလေဟာ ၊ နင် လူထွက်မှ ဖြစ်မှာပေါ့”
ကံမြင့် တော်တော် စဉ်းစားရခက်သွားသည်၊ တစ်ဖက်တွင် သာသနာ တစ်ဖက်တွင် အကြင်နာ သူဘယ်ဟာကို ရွေးရမလဲ မစဉ်းစားတတ်၊

“အေး ငါရန်ကုန် ပြန်ရောက်ရင် သေချာ ဆုံးဖြတ်ပြီး နင့်ဆီပြန်လာမယ်ဟာ”
ထိုနှစ်က နွေရက်တွေသည် ပိုလို့ပူလောင်နေသည်၊ နွေကျောင်းပိတ်ရက်သည် သူ့အတွက်
ရှည်လျှားနေသည်၊ ဒီလိုနဲ့ ရန်ကုန်ကို ပြန်ရောက်လာသည်၊ နုနုစိုးရဲ့ အမှာစကားတွေကြားယောင်ရင်း နေရတာ မပျော်၊ သွားရတာ မဖြောင့်တန်း၊ ယောင်္ကျားတစ်ယောက်ရဲ့ အချစ်ဟာ သစ္စာခါးမှာ သူစိုးသည်၊ ဒါကြောင့် ငယ်ငယ်ကလေးဘ၀က နှစ်သက်မြတ်နိုးစွား ၀တ်ဆင်လာသော သာသနာကို သူ အကြင်နာနဲ့ လဲလိုက်သသည်၊

ရန်ကုန်တွင် ခြောက်လလောက် အလုပ်ရှာသည်။ သိပ်အဆင်မပြေ၊ နုနုစိုး တက်နေသော မုံရွာတက္ကသိုလ်က အဆောင်ကို ဖုန်းခဏခဏ ဆက်ဖြစ်သည်၊ မကြာမီ သူပြန်လာတော့မည်။ ထိုအချိန်ကတည်းက နုနုစိုး စကားသံတို့သည် အရင်လို မလန်းဆန်းတော့တာ၊ အသက်မ၀င်တော့ တာ သူသတိမထားမိခဲ့၊ အနေဝေးလို့ သွေးအေးတာပဲ ထင်သည်၊
သူလဲ နုနုစိုးကို အကြာကြီး ခွဲမထားချင် မုံရွာမှာပင် အလုပ်တစ်ခု လုပ်ရင်း နုနုစိုးနဲ့ ဘ၀ကို
တည်ဆောက်မည်၊ နုနုစိုးနဲ့ ထာဝရ ပျော်ပျော်ရွှင်ရွှင်နေမည်၊ ရည်မှန်းချက်တွေနဲ့ မုံရွာကို ပြန်လာလိုက် သည်၊

(၆)

မုံရွာမြို့သည် သူအတွက် သူစိမ်းမဟုတ်တော့ ငယ်ငယ်ကတည်းက နေလာပြီး ကြီးပျင်းခဲ့တာမို့ အရာအရာဟာ နေသားတစ်ကြဖြစ်နေသည်၊ ဒါပေမယ့် ရောက်ရောက်ချင်း သူငယ်ချင်း ဝေလင်းက
“ ကံမြင့်ရေ စိတ်တော့ မကောင်းဘူးကွာ နုနုစိုး မင်းအပေါ် သစ္စာဖေါက်နေတယ် ထင်တယ်”
“ အာ မင်းကလဲကွာ မဖြစ်နိုင်ပါဘူး” နုနုစိုးက ငါ့ကို သိပ်ချစ်တာ ငါကလဲနုနုစိုးကို ချစ်လွန်း အခု

ငါတစ်သက်လုံး ၀တ်မယ်လို့ အမေကို ကတိပေးထားတဲ့ အ၀တ်ကိုတောင် ချွတ်လာပြီကွာ”
သစ္စာတရားကို ယုံစားရင်း သူက သူငယ်ချင်းစကားကို ခါးခါးသီးသီး ငြင်းလိုက်သည်၊
“အေးဒါဆို တို့ မုံရွာတက္ကသိုလ်ဘက်ကို နုနုစိုးနဲ့တွေ့ဖို့ သွားကြတာပေါ့”
ပြောပြောဆို သူငယ်ချင်း ဆိုင်ကယ်နောက်က ထိုင်ရင်း မုံရွာတက္ကသိုလ်ဘက် ထွက်လာလိုက်သည်၊

ဆုံဆည်းရာ လ္ဘက်ရည်ဆိုင်ရှေ့ အရောက်တွင် ဆိုင်ကယ်ကို ရပ်ရင်း သူငယ်ချင်းဝေလင်းက
“ကံမြင့် ဟိုမှာ ဆိုင်ထဲမှာ နုနုစိုး”
မြင်ရတဲ့ ကိုယ့်မျက်လုံးတောင် ကိုယ်မယုံနိုင်အောင် ဖြစ်သွားသည်၊ တစ်ယောက်တည်း မဟုတ် နှစ်ယောက် နုနုစိုးဘေးမှာ ကောင်လေးတစ်ယောက် ချစ်သူတွေဖြစ်မည်ထင်သည်၊ ရီလိုက်မောလိုက် တစ်ယောက်နဲ့ တစ်ယောက် ခွံကျွေးလိုက် ၊ တီးတိုး စကားဆိုလိုက်နဲ့ ပျော်ရွှင်နေကြသည်၊

ဆုံဆည်းရာသည် သူ့အတွက် ဝေးကွာရာဖြစ်လာသည်၊ ဆိုင်ထဲက လူတွေကို မမြင်တော့ နုနုစိုးနဲ့ သူကောင်လေးကိုသာ မြင်ယောင်လာသည်၊ တစ်သက်တာ စောင့်ဆည်းလာသော သစ္စာတရားကို နင်းခြေတာ ခံစားလိုက်ရသည်၊ တစ်သက်တာ ကရုဏာရှိစွာ နုနုစိုးလိုတာတွေ ဖြည့်ဆည်းပေးခဲ့တာကို သတိရလာသည်၊ အခုတော့ အရာအားလုံးကို ဥပေက္ခာပြုကာ နင်းခြေရက်သည်၊

သူ့ဘာကို မှမမြင်တော့ ဆိုင်ထဲကို ပြေးဝင်လိုက်သည်၊ လမ်းတွင် သူငယ်ချင်းနဲ့ မိတ်ဆက်ဆိုင်တွင် သောက်ခဲ့သော ဘီယာက အခုမှ ပိုမူးလာသလို ထင်ရသည် သူဘာကို မှမမြင် ဘာကို မှမစဉ်းစား၊ စိမ်းကားသူကြီးကို ဒေါသတရားတွေနဲ့ သတ်ချင်တာပဲ သိတော့သည်။

(၇)

ဖြန်း ဖြန်း ဖြန်း----------------
ဟာ ကံမြင့် မလုပ်နဲ့ မလုပ်နဲ့ တားဆီးစကားဆိုရင်း လှမ်းဖမ်းလိုက်သော လက်တစ်စုံကို သူမမှီလိုက်
တော့ ၊ ကံမြင့်သည် အရက်အရှိန်နဲ့ တော်တော်ထွေနေပြီး ရင်ထဲက ခံစားချက်တို့ကလဲ ပေါက်ကွဲ ထွက်လုလု နုနုစိုးနဲ့ သူ့ကောင်လေးတို့ အတူတူ ယှဉ်တွဲထိုင်နေသော မြင်ကွင်းကို အဝေးကနေ လှမ်း မြင်ကတည်းက ဒေါသတို့ တရိပ်ရိပ် တက်လာဟန်ရှိသည်၊ ယခု ဒေါသနဲ့ အတူ လက်ကပါ ပါသွားပြီ၊
နုနုစိုးကတော့ ဘာစကားမှ မဆို ရှက်လို့ထင်သည် မျက်နှာငုံ့ထားဆဲ၊ သူ့ဘေးက သူ့ကောင်လေးက တော့ နုနုစိုး လွယ်အိတ်ကို ကောက်ပေးရင်း သူတို့စားသောက်ထားသော လ္ဘက်ရည်ဖိုးကို ရှင်းပေးနေသည်၊
အခြေနေသည် ရှုပ်ရှုပ်ထွေးထွေး၊ ဆုံဆည်းရာ လ္ဘက်ရည်တစ်ဆိုင်လုံးက မျက်လုံးတွေသည် သူတို့ ပဋိပက္ခဆီသို့ အားလုံး စုပုံကျရောက်ကုန်သည်၊

ကံမြင့်သည် အရက်အရှိန်နဲ့ ဘာကိုမှမမြင် မဆင်ခြင်ပဲ၊ “နုနုစိုး နင့်ကို ငါသတ်ချင်တယ်၊ သစ္စာမရှိတဲ့ မိန်းမ၊ ကတိမတည်တဲ့ မိန်းမ၊ ငါ့ဘ၀ကို ဖျက်ဆီတဲ့ မိန်းမ၊” နင့်နင့် သီးသီး ခါးသီးသော စကားလုံးတွေသာ တစ်လုံးချင်း တစ်ခုချင်း ပစ်သွင်းနေသည်၊

“လာပါ ကံမြင့်ရာ၊ သူလဲ သူ့ဘ၀နဲ့ သူပဲ ထားလိုက်ပါ၊ မင်းအမြင်ပဲ မို့လား သူ့လဲ သူလူနဲ့ သူဖြစ်နေပြီ လက်လျှော့လိုက်ပါ” ပြေလည်ရာ ပြေလည်ကြောင်း ဒေါသကောက်ကြောင်းကို လမ်းကြောင်း ပြောင်းစေဖို့ သူက စကားတစ်ချို့ပြောလိုက်သည်၊

“ဒီကောင်မှကို ငါသတ်ရမှ အေးမယ်ကွ၊ အာ ငါကွာ” ခြေထောက်နဲ့ ကန်လိုက်သော ခွေခြေလေးသည် ဆိုင်အပြင် အဝေးတစ်နေရာကို လွင့်လျှက်၊
ဒေါသနဲ့ ယမကာ ၊ အသည်းကွဲမှုနဲ့ ခံပြင်းစိတ်တို့က တရိပ်ရိပ်တက်လာပြန်ဟန်တူသည်၊ ကံမြင့်ကို သူဆွဲရခက် ထိန်းရမနိုင်ဖြစ်လာသည်၊ နုနုစိုးတို့ စုံတွဲက ဆိုင်ကယ်ကို စီးလျှက် မောင်းထွက် သွားကြလေပြီ၊ ကံမြင့်လဲ ဆိုင်ထဲက အတင်းထွက်ကာ

ဆိုင်ကယ်နောက်ကို တောက်လျှောက် လိုက်နေသည်၊ ခက်သား ဘယ်လို တားဆီရပါမလဲ၊ သူ့သူငယ်ချင်း ကံမြင့်က တနင်္လာသားပေမယ့် ဒေါသက တော်တော်ကြီးသည်၊ ရှေ့က နုနုစိုးတို့ ဆိုင်ကယ်က အဝေးကိုရောက်သွားလေပြီ ကံမြင့်က ဒါသတွေနဲ့ သောကတွေနဲ့ လက်တစ်ဖက်က ပုဆိုးစကို ကိုင်လျှက်နောက်ပြန်လှည့်လာသည်၊
ကြိုတင်တွက်ဆ မထားလိုက်ရသောကံကြမ္မာက မြန်ဆန်လှသည်

မုံရွာတက္ကသိုလ်ထဲက ကျောင်းသား တစ်ယောက် တဝေါဝေါနဲ့ ဒုန်းဆီးလာသော DT ဆိုင်ကယ်ကြီးက ကံမြင့်ကို ကံနိမ့်သွားစေသည်၊ ဖြစ်ရလေ ကံမြင့်ရာ၊

ဆုံဆည်းရာ လ္ဘက်ရည်ဆိုင်ထဲ အပြင်ကို လှမ်းကြည့်လိုက်တော့ ကျောက္ကာလမ်းပေါ်က နေသည်၊ အရင်နေ့တွေထက် ပူပူပြင်းပြင်း ၊ ကျောက္ကာလမ်းဘေး တမာပင်တွေက အရင်နေ့တွေထက် ပိုစိမ်းပြနေသည်၊ အညာတွင် တမာတွေက အရင်ထက် စိမ်းပြီး အရင်ထက် ခါးနေကြလေသည်၊ ကျောက္ကာလမ်းမပေါ်က ကတ္တရာတွေက ပိုပြီးပူလောင်တောက်ပနေသည်၊ အော် အညာနွေနဲ့ တမာတွေက ကံမြင်အတွက် ပိုပြီးစိမ်း ပိုပြီး ပူလောင်ပြနေတာပါကောလား ၊

အကယ်၍သာ တောတိုင်းဟာ ထင်းတွေနဲ့ ပြည့်မနေခဲ့ဘူး ဆိုရင်၊
အကယ်၍သာ မြစ်တိုင်းဟာ ကောက်ကွေ့ မနေဘူးဆိုရင်၊
အကယ်၍သာ -----------------------------------

သစ္စာမိုးဝေ

(စာကြွင်း=ချစ်ရသူ တစ်ယောက်ကြောင့် လူထွက်ချင်တယ် ပြောသော တပည့်ဦးပဉ္ဖင်းလေး အတွက် အမှတ်တရ)

No comments:

Post a Comment