Thursday 26 June 2014

မနက်ဖြန်များစွာ အတွက်

ဘ၀မှာ တစ်ခါ တစ်ခါတော့
နောက်ကျောက၀င်
 ဓါးနဲ့ ထိုးခံရတာတင်မဟုတ်ပါဘူး
ကိုယ့်အိပ်ကပ်ထဲ ထည့်လာတဲ့ ဓါးကလဲ
ပြန်ထိုးချင် ထိုးမိနေ တတ်တာ

အိပ်မပျော်ဘူးလား
အိပ်ဆေးသောက်အိပ်ပေါ့ဗျာ
လှပတဲ့ ညတွေကိုတော့ ထပ်မသောက်မိစေနဲ့
ခင်များ ဘယ်တော့မှ အိပ်ပျော်မှာ မဟုတ်ဘူး
အိပ်မပျော်တဲ့ ညတွေထက်
သစ္စာတရားနဲ့ ဝေးနေတဲ့ အသိက
ပိုပြီး ခရီးရှည်လွန်းတယ်

လိမ္မာပါ  ညီမလေးရယ်
ခဏခဏ ပွန်းပဲ့ခံတိုင်း အရောင်ထွက်တာ မဟုတ်ဘူး
တိုက်စားပါများရင်
ကမ်းပါးတွေလို ပြိုတတ်တယ်
ဘ၀တဲ့
စလိုက်တာနဲ့ အဆုံးက
အရှုံးပဲလား
အားမလျှော့လိုက်ပါနဲ့
အိပ်မပျော်လဲ မနက်ဖြန်တွေကိုတော့
နေမင်းနဲ့ အတူဖြတ်သန်းရဦးမယ်။ ။

သစ္စာမိုးဝေ

No comments:

Post a Comment