Monday 16 June 2014

မိုးထဲ လေထဲ

 ဘ၀တွေက ခါးတယ်
ကော်ဖီတွေက ချိုတယ်
ဒဿနကျကျ တွေးပါတယ်
ဘာကိုမှ မလိုအပ်ဘူးဆိုတာ မဟုတ်ဘူး
လိုအပ်တာတွေ ဘာမှ မရပဲဖြစ်နေတာ
သန်ခေါင်ထက် ညဉ့်မနက်တဲ့ ဘ၀တွေဟာ
ညဉ့်ထပ်နက်ရမယ့် သန်းခေါင်တွေက
မကုန်နိုင်ဘူး

အရူးမီးဝိုင်းတာ မဟုတ်ပါဘူး
အကောင်းတွေလဲ မီးဝိုင်းခံနေရတယ်
ဥသြသံကြားတယ် မီးသတ်ကားပေါ်မလာဘူး
ပေါ်လာတဲ့ မီးသတ်ကားကြ ရေမပါဘူး
ရေပါတဲ့ မီးသတ်ကားကြပြန်တော့ အမိန့် စောင့် နေရတယ်

အဲဒီ အမိန့်
အာဏာပြင်းလွန်းတဲ့ အမိန့်
နင်းပြား
နင်းပြားနဲ့ အမိန့်ဟာ တသားထဲမဟုတ်
အမိန့်အောက်မှာ ကျောက်ရုပ်

 ဒါပေမယ့် ကျနော်တို့ နင်းပြားတွေ
မိုးမလုံ တစ်လုံ တဲကုတ်လေးထဲမှာ
ပေါပေါလောလော ခိုးကူးခွေ စီဒီခွေတစ်ချပ်ပေါ်က
ဇာတ်ဝင်ခန်းကို ကြည့်ရင်း
သွားရည်ကျခဲ့ဖူးတယ်
ရီခဲ့ဖူးတယ်၊ ပျော်ရွှင် ကြည်နူးခဲ့ဖူးတယ်

တကယ်တော့ လက်ရှိမှာ
ကျွန်တော့်တို့ရဲ့ မျှော်လင့်ချက်တွေဟာ
မိုးစိုနေပါတယ် ။ ။

သစ္စာမိုးဝေ

No comments:

Post a Comment