Wednesday 16 July 2014

ခွင့်လွှတ်ပေးပါ အမေ



အမေ
စိတ်မပျက်ပါနဲ့ ဘ၀က ခက်ခဲလဲ
ခဏ တစ်ခဏ ပါပဲ
သားက မသိတတ်ခြင်းများစွာနဲ့ ။

အမေ
စိတ်မကွက်ပါနဲ့
ဘ၀က ထင်သလောက်မလွယ်လဲ
ခဏ တစ်ခဏပါပဲ
သားက ဂရုမစိုက်တတ်ခဲ့ လစ်ဟင်းခြင်းများစွာနဲ့ ။

အမေ
အတေးအမှတ် မထားပါနဲ့
တိုတောင်းတဲ့ ဘ၀လေးထဲ
အရာရာ ပိုကောင်းအောင် ကြိုးစားရင်းနဲ့
အမေ့ရဲ့ အသိအမှတ်ပြုမှုကို မေ့နေတဲ့
သားကတော့ လူဆိုး လူမိုက်လေးပဲ ။

အမေ
ဝေးကွာခြင်းရဲ့ တခြားတဖက်ရောက်ခဲ့
အမေ့ရဲ့ ခေါ်သံတွေက သားရဲ့ရင်မှာ ပဲ့တင်ထပ်လို့
အကြင်နာ မေတ္တာရောစွက်
သားကတော့ ခံယူဖို့ အေးစက်
အမေကတော့
နားလည်ခြင်းအပေါ် အရင်းတည်ရင်းနဲ့ ။

အမေ
ခလုတ်ထိမှ အမိတခဲ့
ဒုက္ခရှိမှ သတိတရနဲ့
အမေကို အခါခါ တမ်းတတတ်ခဲ့ ။

အမေ
ဘ၀ကို လွယ်လွယ်မှတ်တဲ့
သားအတွက် အခက်အခဲဆိုတာ ကြီးမားခဲ့
အရင်လို အမေ့ဆုံးမ စကားသံမှာ မျောလွင့်ရင်းနဲ့
အခုတော့
သား ကြားယောင်ချင်လာ
အမှားများ စွာ၊ အေးစက်ခြင်း ဝေးကွာနေတာကို
ခွင့်လွှတ်ပေးပါ အမေရာ ။ ။

(အလုပ်တွေများပြီး အမေ့ကို ဂရုမစိုက်ပဲ ပစ်ထားမိတဲ့ သားတစ်ယောက်က အမေ့ အတွက် အမှတ်တရ)

သစ္စာမိုးဝေ

No comments:

Post a Comment