Thursday 24 July 2014

လူမထွက်ချင် တော့ပါ



(၁)

မြစ်ဧရာ ဘက်ကမ်းဆီက တိုက်ခတ်လာသောလေသည်၊ ရွှေစည်းခုံဘုရားရှိ ဆဲလဲလေးတွေကို လှုပ်ရမ်းလျှက် ၊ တချွင်ချွင် တလွင်လွင် သာယာနာပျော်ဖွယ်ဖြစ်နေသည်၊ သူနေထိုင် သီတင်းသုံးတဲ့ ဇေတ၀န် တိုင်ခြေကျောင်းကနေ ရွှေစည်းခုံစေတီကြီးကို လှမ်းဖူးရတာ ရင်ထဲအေးမြလှသည်၊ ညနေခင်းတိုင်း မြောက်ဘက်စောင်းတန်းကနေ စေတီတော်ကြီးဆီ လှမ်းလျှောက် တက်သွားပြီး ဘုရားရင်ပြင် သန့်ရှင်းရေးလုပ်၊ တောပန်း တောင်ပန်းလေးတွေခူးတင်ရင်း ၀တ်ပြုရတာ၊ ဆုတောင်းရတာက သူ့အတွက် အေးမြလျှက်၊ နေ့စဉ်နေ့တိုင်း ဒီလိုပုံစံနဲ့ အေးငြိမ်းရာကို ခိုလှုံဖြစ်နေ သည်၊

(၂)

စိတ်တို့သည် အခက်သားကလား အေးငြိမ်းရာမှာ အနေကြာလာတော့ အပူကို ရှာချင်လာသည် ထင်သည်၊လူဆိုတာကလဲ တစ်ခါတစ်ခါ အ၀ိဇ္ဖာပိတ်ကာဖုံးတော့ မိစ္ဆာလုံးလုံး ဖြစ်တာ ဓမ္မတာပဲလေ၊ အဲဒိလို ဖြစ်ပြီဆိုရင် အအေးကို အပူထင်၊ အပူကို အအေးထင်မိတော့တာပါပဲ၊ အခုလဲ သူ့ရင်ထဲတွင် အ၀ိဇ္ဖာတို့ ပိတ်ကာဖုံးလေပြီ အေး ငြိမ်းရာနေရာကနေ ပူတဲ့နေရာဆီ ရွေ့လျှားချင်နေသည်၊
“ငါ- လူထွက်တော့မယ် ကွာ”
တစ်သက်လုံး အေးဆေးစွာ စာကြိုးစားနေလာသော သူ့ကို မယုံသင်္ကာစွာ သူငယ်ချင်းတွေက ၀ိုင်းကြည့်ကြသည်၊ နောက်ပြီး မေးခွန်းကိုယ်စီနဲ့
“ဘာလို့ ထွက်မှာလဲကွ၊ မပျော်လို့လား၊ မင်းကောင်းမလေးက လူထွက်ခိုင်းလို့လား၊ ပါရာဇိကကျလို့ လား၊ မိဘတွေက ပြန်ခေါ်လို့လား”
“ဘာမှ မဟုတ်ပါဘူး ကွာ၊ သာသနာဘောင်မှာ မပျော်တော့လို့ပါ”
အရာအားလုံးကို လုံးစေ့ ပတ်စေ့ အဖြေမပေးချင်တာနဲ့ မုသားကို သဲ့သဲ့ သူသုံးလိုက်သည်၊
နားထဲမှာတော့ “မောင်တော် ဒီတစ်ဝါပြီးရင် လူထွက်ခဲ့တော့နော်” ဆိုသော ချစ်သူနှမတော် စကားက နားဝတွင် အထပ်ထပ် ကြားယောင်နေသည်၊

(3)

“ဟေ့ သူငယ်ချင်း မင်း ဆရာတော်ကို လူထွက်မယ့် အကြောင်းလျှောက်ပြီးပြီးလား” သူငယ်ချင်းများ အမေးကို သူက ခပ်လေးလေးပင်
“ဆရာတော် လျှောက်ရင် ထွက်ခွင့်ပေးမယ် မထင်ဘူးကွ”
“အေး ဒါဆို ဒီလို လုပ်ကွာ တို့ ဧရာဝတီကမ်းက ယင်းရဲဆိပ်ဆက် ညနေမှာ သွားမယ်၊ အဲဒီမှာ ထွက်ပြီး မင်းက ရွာဘက်သွားလိုက်တော့၊ တို့ကတော့ ခပ်တည်တည်နဲ့ ကျောင်းကို ပြန်လာမယ်၊”
“အေးကွ အဲဒီ အစီအစဉ်ကောင်းတယ်၊”
အားလုံး အစီအစဉ်ကို သဘောတူလိုက်သည်၊
မနက်ကတည်းက ရွာဘက်ကို ဆွမ်းခံသွားရင်း အသာဝှက်ယူလာသော အကျီင်္နဲ့ ပုဆိုးကို ထုတ်ထုတ် ကြည့်နေမိသည်၊

(၄)

သူတို့ တိုင်ပင်အစီစဉ်ဆွဲထားသော ညနေခင်းသည်။ ပျင်းပျင်းနဲ့ စောင့်လိုက်ရာ ရောက်လာပြီ ဆရာတော် အခန်းဘက်ကို မသိမသာ အကဲခတ်ကြည့်တော့ စာကြည့်နေတာ တွေ့ရသည်။ ဆရာ တော်ကို အခန်းအပြင်ဘက်ကပဲ မသိမသာ ဦးတိုက် ကန်တော့လိုက်သည်၊
သူငယ်ချင်းတွေနဲ့ ယင်းရဲဆိပ်ဘက် ထွက်လာလိုက်သည်၊
လူမထွက်ခင် ရဟန်းဘ၀နဲ့ အားရပါးရ ရွှေစည်းခုံဘုရားကို ၀င်ဖူးချင်လာသည် ၊ ဘုရားလှိုင် အတွင်းတွင် တိတ်ဆိတ်လျှက် ငြိမ်သက်နေသည်၊ သူဘုရားကို အာရုံပြု ဆုတောင်းနေစဉ်၊
“ အရှင်ဘုရား တပည့်တော်မသည်၊ ဤကောင်းမှုကြောင့် ဆင်းရဲခပ်သိမ်း ပပျောက်ငြိမ်း၍ ငရဲမှ ဝေးကွာရပါလို၏ အရှင်ဘုရား၊ ထိုပြင် တ၀ တပည့်တော်မ ဖြစ်လေရာ ဖြစ်လေရာ ဘ၀တိုင်းမှာ ဘုန်း ကြီးလူထွက်ရဲ့ အိမ်သူသက်ထား ဇနီးမယား လုံးဝမဖြစ်ပါရစေနဲ့ ဘုရား” လို့ ဆုတောင်းချွေနေသော ဒကာမ တစ်ယောက် အသံက သူနားထဲတွင် ၀င်ပျံလာသည်၊ သူဘာလုပ်ရမည်လဲ လူထွက်မလို့ လာခဲ့တာကို အခု ဘုန်းကြီးလူထွက် ဇနီးမယား ဘ၀ဘ၀တိုင်း မဖြစ်ပါရစေနဲ့ ဆိုပါလား၊ မဖြစ်သေးပါဘူး သွားမေး ဦးမှ ၊ ဘုရားရှေ့ ဦးချပြီး ဆုတောင်းသံချွေနေတဲ့ ဒကာမဆီ သူအပြေးသွားလိုက်သည်၊

“ ဒကာမလေး အခုန ဘုန်းကြီး လူထွက်မယား ဘ၀ဘ၀တိုင်း မဖြစ်ပါရေ စေနဲ့ ဆိုပြီး ဆုတောင်း လိုက်သလား”
“ မှန်ပါ တောင်းလိုက်ပါတယ် ဘုရား၊ အရှင်ဘုရား ဘာများ ဖြစ်လို့လဲ ဘုရား”
“ ဘာဖြစ်လို့ အဲဒီလိုကြီး တောင်းရတာလဲဗျ၊ ဘုန်းကြီးလူထွက်လဲ လူပဲ မဟုတ်ဘူးလား”
“ မှန်ပါ ဘုရား၊ ဘုန်းကြီး လူထွက်လဲ လူပါပဲဘုရား၊ ဘုန်းကြီးလူထွက် ဇနီးမယား ဖြစ်ရင် လူမိုက် မယား ဖြစ်တာနဲ့ အတူတူပါပဲ ဘုရား”
“ ဗျာ------------ ဘယ်လို ဘယ်လို’

“ ဒီလိုပါ ဘုရား၊ ဘုန်းကြီး ရဟန်းဆိုတာ သူများ လှူဒါန်းတဲ့ ကျောင်းသင်္ခန်းမှာ နေရတယ်၊ သူများ လှူဒါန်းတဲ့ အ၀တ်သင်္ကန်းကို ၀တ်ရတယ်၊ ဆွမ်းကို စားရတယ်ဘုရား၊ အေးအေး ဆေးဆေး နေရပါ တယ် ဘုရား၊ အဲဒီလို အေးအေးဆေးဆေး နေပြီး စာပေ ပဋိယတ်ကို သင်လိုက သင်လို့ရပါတယ်၊ မသင်ပဲနဲ့ သင်္ကန်းကို ခြေကန်ပြီး အိပ်နေလဲ ရပါတယ် ဘုရား၊ အဲဒီလို အခြေနေလှ ဇိမ်ကျတဲ့ ဘ၀က ခုန်ချပြီး သူများကျွန်ခံဦးမယ်၊ မိန်းမကျွန် လုပ်ဦးမယ်ဆိုရင် အဲဒီ ရဟန်းလူထွက်ထက် မိုက်တဲ့ လူမိုက် ရှိပါဦးမလား ဘုရား၊”

“ အင်း ဟုတ်တာပဲဗျာ”
သူ ဘာဆက်လုပ်လို့ ဘာကို စီစဉ်ရမှန်းမသိတော့ ယင်းရဲတံခါး အပြင်ကိုထွက်ပြီး ဧရာဝတီမြစ်ကြီးကို ငေးနေလိုက်သည်၊ မြစ်ပြင်သည် တသိမ့်သိမ့် တလိမ့်လိမ့် စီးခွေလျှက် ၊
သူငယ်ချင်းတွေက အပြေးရောက်လာကြပြီး၊ “ ဟေ့ သူငယ်ချင်း လာလေကွာ၊ ဒီမှာ စောင့်နေတာကြာ ပြီး မိုးချုပ်သွားရင် ကျောင်းအပြန်နောက်ကျလို့ တို့ကို ဆရာတော်က ဆူနေပါဦးမယ်၊ မင်းအ၀တ် အစားတွေ အမြန်လဲပြီး ရွာဘက်ကိုသွားတော့ လမ်းခွဲကြရအောင်”

“ ငါ လူမထွက်တော့ဘူး သူငယ်ချင်းတို့”
“ ဟေ- ဘာလို့လဲ ကွ”
“ ငါ လူမိုက် မလုပ်ချင်တော့လို့ပါ ကွာ” အားလုံးကို အကြောင်းစုံပြောရင်း
“ နောက်ပြီး ကျောင်းကို ပြန်မလိုက်တော့ဘူးကွာ၊ ငါ ဒီကနေ စစ်ကိုင်းဘက် ကူးတက်ပြီး စာဆက်သင် တော့မယ်၊ အားလုံးးကို နှုတ်ဆက်ခဲ့တယ်ကွာ၊ ဆရာတော်ကိုလဲ အကြိုးအကြောင်း လျှောက်လိုက်ကြ ပါကွာ၊”
“ အေးပါ ကွာ၊ မင်း အလားလုံး အဆင်ပြေ အောင်မြင်ပါစေ”

(၅)

ဧရာဝတီ မြစ်ရေသည် ကြည်လင်နေသည်၊ စစ်ကိုင်းတောင်အထက်နားဆီက ဆွမ်းဦးပုညရှင်ဘုရားဆီ ကခေါင်းလောင်းသံတို့က ဝေေ၀စီစီ၊ တရုပ်စကားပွင့် ဖြူဖြူလေးတွေက မွှေးလို့ ဖွှေးလို့၊ အေးငြိမ်းရာ သည် အရာရာလှလှပပ တည်ရှိနေလေပြီ ။ ။

ရွှေမန်းသား အရှင်အကုင်္ရ

(စာကြွင်း= သက္ကရာဇ် (၁၀၃၄)ခု မဟာသီဟ သုဓမ္မရာဇာမင်းလက်ထက် တိလောကဂရု ဆရာတော် အကြောင်းကို ရေးဖွဲ့ပူဇော်ပါသည်၊)
ကျမ်းကိုး-
သာသနာ လင်္ကာရစာတမ်း၊

No comments:

Post a Comment