Monday 21 July 2014

စာသင်သား ရဟန်းတစ်ပါး လောကဓံနှင့် ၀က်သားဟင်း တစ်ပုဂံ



လူတော်တော်များများက ရဟန်းတော်တွေရဲ့ စင်အောက်က ဘ၀တွေကို သိရတာ ကြားရတာ မြင်တာနည်းပါတယ်၊ စင်ပေါ်ရောက်မှ ထင်ပေါ်လောက်မှ သိကြများပါ တယ်၊
စင်အောက်က ဘ၀တွေဆိုတာ ဆင်းဆင်းရဲရဲ စာသင်သားတွေရဲ့ ဘ၀ကို ပြောလိုတာ ပါ၊ စင်ပေါ်က ဘ၀တွေဆိုတာကတော့ အများသိကြတဲ့ အတိုင်း တရားဟောဓမ္မကထိ က ကြီးဖြစ်သွားတာတို့၊ နာမည်ကြီး စာရေးဆရာကြီးဖြစ်သွားတာတို့၊ နာမည်ကြီး လူများ တဲ့ ကျောင်းထိုင်ဆရာတော်ကြီး ဖြစ်သွားတို့ စသည်စသည်တို့ပေါ့ဗျာ၊

စာသင်သားရဟန်းတစ်ပါး လောကဓံ နှင့် လွှာဖိနပ် တစ်ရံပို့စ်လေးတင်လိုက် တော့ ဖတ်ဖြစ်မိတဲ့ မန္တလေးက အသိဒကာမတစ်ယောက်က မစိုးရိမ်တိုက်သစ်က စာသင်သား ကိုရင်တစ်ပါးဆီ အရောက်သွားပြီး ၀ါဆိုသင်္ကန်းကပ်တယ်ဆိုတာ သိရ တော့ မိမိရေးလိုက်တဲ့ စာကြောင့် ဒကာ၊ ဒကာမတွေလဲ တကယ်လိုတဲ့ စာသင်သား တွေဆီ အရောက်သွားကာ ကုသိုလ်ပွားတာမြင်ရ ကြားရတော့ ရေးရကြိုးနပ်တာပေါ့ဗျာ၊
အခုတစ်ခါ စာသင်သားတွေရဲ့ ဆွမ်းကိစ္စတွေကို ဖောက်သည်ချချင်သဗျ၊ စာသင်သားတွေ ဆွမ်းကိစ္စက တခြားမြို့တွေတော့ မသိဘူး မန်းရွှေမြို့ကြီးမှာတော့ တော်တော် ခက်ခဲပါတယ်၊ မြို့လူဦးရေနဲ့ သံဃာဦးရေက သူမသာ ကိုယ်မသာဆိုတော့
စာသင်သားတစ်ပါးကို ဂရုတစိုက်နဲ့ နေ့စဉ်ရက်ဆက် ဆွမ်းလောင်းလှူမယ့် အိမ်လေး တစ်အိမ် ဆွမ်းရပ်ဖို့က တော်တော်ခက်ခဲတာကလား၊
ကိုယ်စရောက်လာတဲ့ စာသင်တိုက်မှာ လူခံကိုယ်တော်ကလဲ မရှိ၊ ရောက်စ စာသင်သားအသစ်ကလဲ ဖြစ်၊ နယ်မြေကလဲစိမ်း ရှိုးတိုးတိုး ရှိန်းတိမ်းတိမ်းနဲ့ ဆွမ်းခံအိမ် ဖိတ်ဖို့ကလဲ မ၀ံ့ရဲဆိုတော့ မနက်လေးနာရီလောက် စောစောထပြီး ဘုံလောင်းပြေးရတာ ပဲ၊

ဘုံလောင်းဆိုတာက အားလုံးနားလည်အောင် ပြောရရင် လာသမျှကိုယ်တော်တိုင်း ကို အဖြူအမဲ မခွဲခြားပဲ လောင်းလှူတဲ့ ဒကာ၊ ဒကာမတွေအိမ်တွေရှေ့ကို သွားတန်းစီ အိမ်ထဲက ဆွမ်းလောင်းလှူမယ့် ဒကာ၊ ဒကာမထွက်လာရင် တန်းစီပြီး ဆွမ်းခံတဲ့ နေရာ ကို ဘုံလောင်း လောင်းလှူတယ်လို့ ခေါ်တာပါ၊
တစ်ခါတစ်ခါ ကံဆိုးတာက ရှေ့ကတန်းစီနေတဲ့ ကိုယ်တော်တွေကများတော့ တန်းစီရင်း တန်းစီရင်းနဲ့ ကိုယ့်အလှည့်လဲရောက်ရော ဆွမ်းလဲကုန် ၊ ဆွမ်းလဲမကျန် ပန်လန်လက် ပက်လက်လန် ဖြစ်တာပါပဲ၊ အခုခေတ်တော့ ဘုံလောင်း အသင်းတွေ ပေါ်လာလို့ ဘုံလောင်းတိုးတဲ့ ကိုယ်တော်လေးတွေ အဆင်ပြေနေပါတယ်၊

ဒီလိုဖြစ်တာကလဲ အခုမှ အထူးအဆန်းဖြစ်တာ မဟုတ်ပါဘူး၊မင်းတုန်းမင်းခေတ် ဗန်းမော်ဆရာတော်ကြီးတို့ လက်ထက်ကတည်းက ဒီလိုပဲ ကြုံရကြားရ စာသင်သား တွေကြုံရနေတာကလား၊
အဲဒီဗန်းမော်ဆရာတော်လောင်းပေါ့ စာပြန်ပွဲသွားဖို့ သင်္ကန်းအသစ်မရှိလို့ မန္တ လေးတောင်နားက ကျောက်တော်ကြီး ဘုရားမှာသွားပြီး ကျောက်တော်ကြီး ဘုရား မှာကပ်လှူထားတဲ့ သင်္ကန်းကြီးကို စွန့်ဖို့လျှောက်ထားပြီး ခွါယူလာကာ စာပြန်ပွဲဝင်ခဲ့ရ တာ သမိုင်းကို တွင်ပါလေရော မဟုတ်လား၊

အခုတော့ ဗန်းမော်ဆရာတော်အကြောင်းမပြောပဲ ဆွမ်းခံတဲ့ အကြောင်းလေး ဆက်လိုက်ရအောင်ပါ၊ ဆွမ်းခံအိမ်ရှိတဲ့ စာသင် သားများကြတော့ ဆွမ်းခံအိမ်ကို အေးအေးဆေးဆေး မနက် (၇) နာရီလောက်မှ ကြွကြရပါတယ်။ ဆွမ်းခံအိမ်ရှိတာတောင် ဆွမ်းခံအိမ်တချို့က အခုလို ထိုင်ကိုယ်တော်၊ ရပ်ကိုယ်တော်၊ တို့ကိုယ်တော်ဆိုပြီး အသီးသီး ကွဲပြားသေးတာကလား ၊

ထိုင်ကိုယ်တော်ဆိုတာကတော့ ဆွမ်းခံအိမ်မှာ ခင်းထားတဲ့ နေရာမှာ အေးအေး ဆေးဆေးထိုင် ဆွမ်းလောင်းတာ ခံယူပြီး အေးအေးဆေးဆေး ပြန်ကြွရတဲ့ ကိုယ်တော် ပေါ့၊ ရပ်ကိုယ်တော်ဆိုတာကတော့ အိမ်ပေါက်ဝမှာ ရပ်ရုံရပ်ပြီး ဆွမ်းလောင်းတာ ခံယူ ပြီး ပြန်ကြွရတဲ့ ကိုယ်တော်ပေါ့၊ တို့ကိုယ်တော်ကတော့ ဆွမ်းခံအိမ်က ခင်းပေးတဲ့ နေရာ မှာလဲ ထိုင်ရတယ်၊ အေးအေးဆေးဆေး စကားပြော ဖွယ်ဖွယ်ရာရာလေးတွေလဲ ကပ် လှူခံရတဲ့ ကိုယ်တော်ပေါ့၊

မန်းမြို့က အိမ်တွေကလဲ အိမ်တစ်အိမ်မှာ ဆွမ်းခံကိုယ်တော်က မရှိဘူးဆို အ နည်းဆုံ့း ဆယ်ပါးလောက်ရှိနေ ကြွနေတာဆိုတော့ အဲဒီလိုကွဲပြားတာ အဆန်းတော့ မဟုတ် တော့ဘူးပေါ့၊ တစ်ချို့ဆွမ်းခံအိမ်တွေဆို ဆွမ်းခံကြွတဲ့ ကိုယ်တော်တွေများ လွန်းလို့ ဘွဲ့နာမည်တွေ မမှတ်မိကြတော့ဘူး၊ အဲဒီတော့ သူနည်းသူဟန်နဲ့ ပုသိမ်ဘက်က ကိုယ်တော်ကို ပုသိမ်သူ၊ လှုပ်လှုပ်နဲ့ ကြွတဲ့ ကိုယ်တော်ကို ဦးဇင်းလှုပ်တုပ်၊ အမြဲတမ်းပြုံးဖြီးဖြီး ကြွတဲ့ ကိုယ်တော်ကို ဦးဇင်း စမိုင်း ဆိုပြီး အဲဒီလို နာမည်ပြောင်တွေနဲ့ အသီးသိး တွဲမှတ်ထားတော့တာပဲ၊
စာသင်သားအများစုဟာ ဆွမ်းခံမထွက်ခင် သပိတ်နဲ့ ဆွမ်းဟင်း ခွက်လေးတွေကို လက်သုတ်ပုဝါနဲ့ သုတ်လေ့ရှိကြပါတယ်၊ အဲဒိလို သုတ်ရင်း တစ်ပါးနဲ့တစ်ပါး တစ်ခါတစ် လေနောက်ကြသဗျ၊
တစ်ပါးရဲ့ သပိတ်ထဲက ဆွမ်းဟင်းခွက်ထဲမှာ တစ်ပါး မသိအောင် စာရွက်လေး ပေါ်မှာ “၀က်သားဟင်းလောင်းပါ ဒကာမကြီး” ဆိုပြီး စာလုံးအကြီးကြီးနဲ့ ရေးလွှတ် လိုက်ရော ၊ အရေးခံလိုက်ရတဲ့ ကိုယ်တော်က မသိပဲ ခပ်တည်တည်နဲ့ ပုံမှန်ပဲ သင်္ကန်း လေးရုံ သပိတ်လေး ပိုက်ပြီး ဆွမ်းခံထွက်သွားလိုက်တာ၊
ဟော ဟော တစ်အိမ်ပြီး တစ်အိမ် ဆက်ကြွ ဆွမ်းခံ၊ တစ်အိမ်အရောက်မှာ အဲဒီ ရေးပေးလိုက်တဲ့ စာရွက်က ဆွမ်းဟင်းလောင်းမလို့ အုတ်ခွက်လေးကို ဖွင့်လိုက်တဲ့ ဒကာမ ကြီး လက်ထဲမှာ ထီးထီးမားမားပေါ်လို့၊
အဲဒီလို အစခံလိုက်ရတဲ့ ကိုယ်တော်ခမျာ၊ ဆွမ်းခံအိမ်မှာ မျက်နှာတွေရဲ၊ စိတ် တွေပူ အပြန်လမ်းတလျှောက်လုံး ခြေလှမ်းတွေ မမှန်တော့ဘူး ဖြစ်တာပါပဲ၊
နောက်ရက်ဆွမ်းခံတောင် ဘယ်လိုပြန်ကြွရမှန်း မသိဘူးဖြစ်ကော၊ နောက်ရက် ကြတော့လဲ ဆွမ်းခံမကြွလို့မှမဖြစ်တာ ရှေ့မျက်နှာ နောက်ထားပြီး ကြွရပြန်တာပါပဲ၊

မနေ့က ဆွမ်းဟင်းခွက်အုပ်လေးထဲက “၀က်သားဟင်းလောင်းပါ ဒကာမကြီး” ဆိုတဲ့ စာတွေ့သွားတဲ့ ဒကာမကြီးအိမ်က ၀က်သားဟင်းကို သေချာချက်လောင်းပါကောလား၊
ပြောရရင်တော့ စာသင်သားဘ၀ လောကဓံတွေဟာ မကုန်နိုင်ပါဘူး၊ ရဟန်းတစ် ပါးအတွက် ပစ္စည်းလေးပါး ဖြစ်တဲ့ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ရှိတယ်ဆိုပေမယ့် စာသင်တိုက်မှာ နေပြီးစာသင်နေတဲ့ စာသင်သားတစ်ပါး အတွက်တော့ သင်္ကန်းနဲ့ ဆွမ်းအဆင်ပြေနေရင် လောကနိဗ္ဗာန်ပါပဲ၊ ဆွမ်းခံသွားတဲ့ အခါ ဆွမ်းဟင်းကောင်းတစ် ခွက်နှစ်ခွက်ရရင် ပျော်နေပြီး

စာမေးပွဲတွေဖြေတိုင်း အောင်နေရင် လောကဓံကို ကျော စင်းခံရတာ နေပျော်တဲ့ ဘ၀ အနေတော်တဲ့ ဘ၀လို့ မှတ်ယူကြတာ များပါတယ်၊
လောဘလဲနည်း သောကလဲနည်းတဲ့ ပထမပြန် စာသင်သားဘ၀ဟာ လွမ်းစရာ ပါ။ ။

ရွှေမန်းသား အရွင္အကုၤရ

No comments:

Post a Comment