Friday 18 July 2014

စာသင်သား ရဟန်းတစ်ပါး လောကဓံနှင့် လွှာဖိနပ်တစ်ရံ



ရဟန်းဆိုတာ အပူလိုချင်ရင် အအေးကို ရတတ်တယ်၊ အအေးလိုချင်ရင် အပူကို ရတတ်တယ် လို့ အကြီးတန်းအပြီးမှာ ဓမ္မာစရိယတန်း စာဝါတွေစတတ်တော့ ပါရာဇိကကဏ္ဍ အရှင်သုဒိန် အခန်းမှာ အဲဒီဝါကျလေးနဲ့ စအကျွမ်းဝင်ရတာပဲ၊

စာသင်းသား ရဟန်းတစ်ပါးရဲ့ လောကဓံဟာ ဒီဝါကျထဲက ပါသလို တွေ့ကြုံရတာ အဆန်းမှ မဟုတ်တာကလား၊ မနက်ခင်း မနက်ခင်းတိုင်း ဆွမ်းခံကြွဖြစ်တော့ အိမ်ပေါက်စေ့ ရပ်ဆွမ်းခံရပ် ကိုယ်လိုချင်တာက ၀က်သားဟင်း သူ့လောင်းတာက ချဉ်ရေ၊ အဆင်မပြေပေမယ့် အဆင်ပြေအောင် သည်းခံ လောကဓံကို လန်ကဓေါလုပ်ပြီး ခပ်သုပ်သုပ် ကျောင်းကို အရောက်ပြန်လာ အဆာပြေ တစ် ဇွန်း နှစ်ဇွန်း ဘုန်းပေးပြီး ကိုးနာရီ အချိန်မှီ စာဝါကို တန်းပြေးရတာပါပဲ၊ ဆယ်နာရီ ခွဲစာဝါဆင်းတော့ စောစော က လက်ကျန် ဆွမ်းနဲ့ ဆွမ်းဟင်းကို ဗိုက်ဆာဆာနဲ့ အာဟာရဖြည့် စာသင်သား တစ်ပါးရဲ့ ဆွမ်းဝိုင်းဟာ ကျောင်းထိုင် ကျောင်းပိုင် ဆရာတော်ကြီးများ ဆွမ်းဝိုင်းလို မစိုပြေ၊ အချိုပွဲမပါ အချဉ်ပွဲ မမြင် ပစ္စဝေက္ခဏာ ဆင်ခြင်ကာ လွေးလိုက်ရတာက ခပ်များများပါပဲ ၊

ဆွမ်းခံကြွတဲ့အိမ်တွေက နှစ်တွေကြာ လူချင်းရင်းနှီးတော့ “အရှင်ဘုရား လိုအပ်တာ ရှိရင် ပြောပါ ဘုရား၊ အရှင်ဘုရား လိုအပ်တာရှိရင်ပြောပါ ဘုရား” နဲ့ မကြာမကြာ လျှောက်ထား အဘိယာစ ကပြုပေမယ့် စာသင်သားတစ်ပါးရဲ့ နှုတ်ဖျားက “ဟုတ်ကဲ့ ပြည့်စုံပါတယ် ဒကာကြီး၊ ဟုတ်ကဲ့ ပြည့်စုံပါ တယ် ဒကာမကြီး” ဆိုပြီး သိက္ခာကို လိပ်ပြာလုံအောင် ထိန်းတဲ့ စာသင်သားတွေက အများသား မို့လား၊ ကိုယ်လဲ စာသင်သားထဲက စာသင်သား ရဟန်းတစ်ပါးမို့ အားလုံးနဲ့ ထူးမခြားနားပါပဲ ။

စာသင်သား တစ်ပါးရဲ့ သိက္ခာနဲ့ လိပ်ပြာတွေဟာ ဆွမ်းခံအိမ်မှာသာ လုံအောင်ထိန်းနေပေ မယ့် အိမ်က အမေနဲ့ အဖေဆီကိုတော့ “ အဖေ၊ အမေ မာကြောင်း သာကြောင်း သားဆုတောင်းသည် ငွေတစ်သောင်းပို့လိုက်ပါ” ဒီလို စာတွေ မကြာမကြာရေးဖြစ်လာတယ်၊

ဒီလိုစာတွေ ရေးလာပါများတော့ အိမ်မှာရှိတဲ့ အဖေက ၊ အမေ့ကို ပြောရှာတယ် “မင်းသား မောင်ငွေတောင်းဆီက စာလာရင် ဖတ်မနေနဲ့ တဲခေါင်းမိုးသာ ထိုးထားလိုက် တို့ သီနှံသိမ်းပြိး ငွေပေါ်မှ ထုတ်ဖတ်” လို့ မကြာ မကြာပြောရှာသတဲ့ ၊ စာသင်သား တစ်ပါးရဲ့ ဘ၀မှာ မိုးဦးတွေ မိုးလည်တွေ မိုးနှောင်းတွေ ကောင်းတယ် မကောင်းဘူး ဆိုးတယ် မဆိုးဘူး ဘယ်သိပါ့မလဲ၊ ငယ်ငယ် ကတည်းက ဘုန်းကြီးကျောင်းနဲ့ အိမ်၊ အိမ်နဲ့ ဘုန်းကြီးကျောင်း ကူးသန်းလမ်းသလားရင်းနဲ့ အတန်းကြီးလို့ မြို့ရောက်ကာ

စာသင်တိုက်ကြီးမှာ စာသင်သား ဖြစ်လာတာလေ၊ အဖေပေးတဲ့ မုန့်ဖိုး၊ အမေပေးတဲ့ မုန့်ဖိုးတွေက အဖေအိပ်ကပ်ထဲ အမေအိပ်တဲ့ ဖျာအောက်က ထွက်နေသလား ထင်မှတ်မှားတာပေါ့၊
မန္တလေးနေ စာသင်းသား တစ်ပါးအတွက် ကံကောင်းချက်ကတော့ သီတင်းကျွတ်လို့ မန္တ လေးမြို့လေးပြင်လေးရပ်က ဘုရားပွဲမဲလေးတွေပေါက်ရင်တော့ စာသင်သားရဟန်းတစ်ပါးဟာ အခြေ နေလှလာတာပေါ့၊ ဘုရားပွဲက စာရေးတံမဲတွေက ငါးထောင် တစ်သောင်းဆိုတာ အနည်းဆုံးမို့လား၊ ၀တ္ထုငွေလေးတွေ မျိုးမျိုးမျက်မျက် လက်အတွင်း သက်ဆင်းတော့ နဂါးစာပေကို ပြေးရ၊ ထွန်းဦးစာ ပေကို သွားရနဲ့ လိုအပ်တဲ့ စာအုပ်စာပေလေးတွေ ဖြည့်တင်းရတာပေါ့၊

---------------------------------------------
ရဟန်းဘ၀ရောက်တဲ့ အခါမှာလဲ ရဟန်းဒကာ ရဟန်းဒကာမတွေရဲ့ အခြေနေကို ကြည့်ရ သေးတာ မဟုတ်လား၊ သာသနာအနေနဲ့ ဆွေမျိုးတွေတော်စပ်ပေမယ့် တကယ်အရင်းစစ် တော့ အရင်းမဖြစ်တဲ့ ဆွေမျိုးတွေလေ၊ ဘုန်းကြီးဆိုတာ ရူပက္ခန္ဒာ သမားလို့ အထင်မှားမှာလဲ စိုးရသေးတာ မဟုတ်လား၊ ခဏခဏ တောင်းရင် အိမ်က အဖေလို မောင်ငွေတောင်းလို့ ခေါ်နေမှ မထောင်းတာလှ ပေမယ့် အကြောင်းကြောင်းတွေ ခဏခဏ ပြလို့ မသင့်တော်ဘူးမို့လား၊

“ပစ္စည်းလေးဝ ဒကာ့တာဝန်၊ ဟောဖော်ညွှန်ပြ ဆရာ့တာဝန်
ဆရာဒကာ နှစ်ဖြာကျေပွန်၊ သာသနာ့ လွှင့်ကြအောင်တံခွန်”

ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့ဖို့က ဒကာ၊ ဒကာမတွေရဲ့ တာဝန်၊ ဂန္ထဓူရ ၀ိပဿနာဓူရ ဆိုတဲ့ စာ သင်တာ စာချတာ၊ တရားဟောတာ တရားပြတာ၊ လူတွေကို အသိဥာဏ်ဖြန့်ဝေတာက ရဟန်းတော် တွေရဲ့ တာဝန်ပါ၊ ဒကာ၊ ဒကာမတွေနဲ့ ရဟန်းတွေလက်တွဲညီညီ တာဝန်ကိုယ်စီ ကျေကြရင် သာသ နာ တော်ကြီးက အောင်လံတံခွန်လွှင့်နိုင်မှာပါ၊

ဒါပေမယ့်လဲ နာမည်မကြီး၊ လူမသိ သူမသိ စာသင်သား ရဟန်းတစ်ပါးရဲ့ ပစ္စည်းလေးပါးဆို တာ ပြတ်တစ်ခါ ပြည့်တစ်လှည့် ခပ်နဲ့နဲ့ ဘ၀ကို ရုန်းကန်ရခြင်းပါလို့ ပြောရမည်သာ ဖြစ်ပါတယ်၊
ဒကာ၊ ဒကာမတော်တော်များများကလဲ ပြည့်နေ လျှံနေတဲ့ အိုးစရည်း အကြီးကြီးတွေသာ ဖြည့်တင်း ချင်ကြတာ များပြီး မပြည့်သေးတဲ့ အိုးဆို အနားကို မသီချင်ကြ၊ မကပ်ချင်ကြ အဝေးကနေ ရှောင်ကွင်း သွားကြတာ များပါတယ်၊ စာသင်းသားတွေရဲ့ ဘ၀နဲ့ ဒုက္ခကို နားလည်ဖြည့်တင်းပြီး သဒ္ဒါအရင်းနဲ့ လှူ တန်းတဲ့ ဒကာ၊ ဒကာမတွေက နည်းနေသေးတာ စာသင်တိုက်ကြီးငယ်တွေကို အလည်တစ်ခေါက် အရောက်သွားကြည့်ရင် သိကြမှာပါ၊

အများအားဖြင့် “လိုအပ်ရင် ပြောပါ ဘုရား” ဆိုတဲ့ အဘိယာစက စကားကို စာသင်သား အများစု တုန့်ပြန်ဖြေကြား တတ်တာက “ပြည့်စုံပါတယ် ဒကာ၊ ဒကာမကြီး” ဆိုတာ ပဲများပါတယ်၊
လှူတယ်ဆိုတာ တကယ်တော့ ပေးတာ၊ အလှူခံတယ်ဆိုတာ ယူတာပါ၊ အပေးနဲ့ အယူဟာ တစ်ခါ တစ်ခါ သဟဇာတ အဖြစ်ကြပါဘူး၊ ယူတာလွယ်ပေမယ့် အပေးဆိုတာ ခက်ခဲပါကလား၊

မြတ်စွာဘုရားကတော့ ဒေသနာ တစ်နေရာမှာ “ဒါန- ပေးလှူတယ်ဆိုတာ စစ်တိုက်ရတာထက် ခက်ခဲ တယ်”လို့ ဟောကြားထားပါတယ်၊
စစ်တိုက်တဲ့ စစ်သားတစ်ယောက်ဟာ စစ်ထဲဝင်ပါပြီ ဆိုကတည်းက သူ့ရဲ့ အသက်နဲ့ ခန္ဓာကိုယ်ကို မငဲ့ မကွက်ပဲ တိုင်းပြည်ကာကွယ်ဖို့ အတွက်ပေးဆပ်ထားရတာပါ၊ လှူတယ်ပေးတယ်ဆိုတာလဲ ဒီလိုပါပဲ

ကိုယ်ပိုင်တဲ့ ပစ္စည်းဝတ္ထုတွေကို ကိုယ့်အတွက် မငဲ့မကွက်ပဲ စေတနာသဒ္ဓါသက်သက်နဲ့ တစ်ပါးသူ အတွက် ပေးလှူရတာပါ၊ ဒါကြောင့် ဒါနဟာ စစ်တိုက်ရတာထက် ခက်ခဲတာပါ၊
တကယ်တော့ အပေးနဲ့ အယူဖြစ်ဖို့ဆိုတာကလဲ တောင်းတဲ့သူနဲ့ ပေးတဲ့သူ တူညီမ ဖြစ်နိုင်တာ ပါ၊ ရဟန်းတစ်ပါးရဲ့ တောင်းခြင်းအမူအရာမှာ ၀ိနည်းသိက္ခာပုဒ်တွေကလဲ အများသားပါပဲလား၊ တစ်ခါ တစ်ခါ နှုတ်က မတောင်းပဲ ကိုယ်အမူအရာသာပြရမယ်လို့ ရာဇသိက္ခာပုဒ်မှာလာတဲ့ ဘုရားဥပဒေတော် ကြီးမျိုးကလဲ ရှိသေးတာကလား၊ စာပေမသင်ဖူး စာဝါမတက်ဖူးတဲ့ ၀ိနည်းတွေမလေ့လာဖူးတဲ့ တောင်း တဲ့သူများအတွက်တော့ ပေးပါဦး
လှူပါဦးဆိုတဲ့ စကားဟာ မထောင်းတာလှပေမယ့်၊ စာသင်သား တစ် ပါးရဲ့ ပေးပါဦး၊ လှူပါဦးဆိုတဲ့ စကားကတော့ ၀ိနည်းစည်းကမ်းတွေနဲ့ အကျွမ်းတ၀င် ဖြစ်နေလေတော့ ပြောမထွက် အပြောမသွက်ကြတာ ခပ်များများပါ၊

အဋ္ဌကထာမှာ ဖတ်ဖူးတဲ့ ဘုရင်းမင်းတြား တစ်ပါး ကြည်ညိုလို့ မင်းဥယျာဉ်မှာ သီတင်းသုံး နေတဲ့ တော်ပျော် ရသေ့လေးတစ်ပါးကတော့ တောင်းတာကို ငိုပြတာလို့ တင်စားပါတယ်၊ တစ်ခါ ကိုယ်တောင်းလိုက်တဲ့ သူက မရှိပါဘူး၊ မပေးနိုင်သေးပါဘူး အဆင်မပြေသေးပါဘူးလို့ ပြန်လည် ငြီးပြ တာကို သူက တစ်ခါ ပြန်ငိုပြတာပါလို့ ပြောပါတယ်၊

ဒါကြောင့် ထင်ပါတယ်၊ အဲဒီတော်ပျော်ရသေ့လေးဟာ မြို့က ဥယျာဉ်ကြီးထဲမှာ နေရတာ မပျော်လို့ တရားအားထုတ်ရတာ အဆင်မပြေလို့ တောကိုပြန်ချင်တာ ဖိနပ်လေး တစ်ရံမရှိလို့ ခရီးသွား ရမှာခက်ခဲနေပါတယ်၊

သူ့ကိုကြည်ညိုတဲ့ မင်းတြားက လိုတာရှိရင် မိန့်ကြားပါလို့ ဖိတ်ထားပေမယ့်၊ လွှာဖိနပ်လေး တစ်ရံအတွက် ငိုပြရမှာ အားနာတာတဲ့ ( ၁၂) နှစ်တောင်ကြာသွားပါတယ်၊ (၁၂) ပြည့်မှ လွှာဖိနပ်လေး တစ်ရံလိုပါတယ်၊ တောလမ်းခရီးကြမ်းကို စီးပြီးပြန်ဖို့ လှူပါလို့ မင်းတြားကို မိန့်ကြားပါတယ်၊

မင်းတြားခမျာ အံ့သြလွန်းလို့ အရှင်ဘုရားရယ် လွှာဖိနပ်ကလေး တစ်ရံအတွက် ဘာလို့ ဒီလောက် အချိန်တွေဆွဲနေတာလဲ၊ စောစောစီးစီး ပြောပါလား ဘုရားလို့လျှောက်ထားမှ၊ ဒကာတော် ငါက ငိုပြရမှာကြောက်လို့ပါ လို့ပြန်မိန့်သတဲ့၊

စာသင်သားအများစုဟာ ငိုသံတွေကို တိတ်တိတ်လေး ၀ိနည်းစည်းကမ်းတွေနဲ့ ပိတ်ထားလိုက်တဲ့ အခါ

ယော ပန ဘိက္ခူ= အကြင် ရဟန်းသည်-------ဆိုသော စာအံသံ စာရွတ်သံတို့ ဝေေ၀ စီစီ ။ ။


(ပညာသင်စရိတ်လိုက်ရှာနေသော သူငယ်ချင်း ချက်ကြီိးအတွက် အမှတ်တရ )

ရွှေမန်းသား အရွင္အကုၤရ

https://www.facebook.com/shwemantha

http://mingalargarden.blogspot.in/

No comments:

Post a Comment