Sunday 11 January 2015

ရေဆေးနည်းခဲ့တဲ့ ငါး


++++++++++++++++++++
မြန်မာစကားပုံတွင် ရေဆေးငါးကဲ့ သို့ လှရှာသူ၊ ရေဆေးငါးကြီး။ ငါးရံ့ ကိုယ်လုံး၊ အမိမဲ့သား ရေနည်းငါး စသည် စသည်ဖြင့် စကားပုံပေါင်း ထောင်းသောင်းမကရှိလေသည်၊ ယနေ့သူ့အဖြစ်က များစွားသော မြန်မာစကားပုံတွေထဲကို နောက်ထပ်စကားပုံအသစ်တစ်ခု ထပ်တိုးဖို့ အကြောင်းဖန်လာလေသည်၊

ဖြစ်ပုံက သည်လို-
မနက်စောစော သူငယ်ချင်းတွေ အဆောင်မှာ မြန်မာပြည်က ပါလာသော မုန့်ဟင်းခါး ရယ်ဒီမိတ်ထုတ်မှားကို စုပေါင်းချက်စားဖြစ်ကြသည်၊ ထိုသူငယ်ချင်းတွေ အဆောင်ရှေ့တွင် လာနေ ကြငါးသည်ကြီး တစ်ယောက်က ခေါက်တုန့်ခေါက်ပြန်လျှောက်ကာ “
ငါးသည် ငါးသည်”လို့ တစ်အော် ထဲအော်နေလေသည်၊

ငါးမစားဖြစ်တာကြာနေသောသည်မို့ သူက ရူပီးတစ်ရာဖိုးပေးကာ ငါးသုံးကောင် ၀ယ်ဖြစ်လိုက်သည်၊ သူငယ်ချင်းတွေအဆောင်မှာတင် မုန့်ဟင်းခါး မနက်စာဘုန်းပြီး နာရီကြည့်လိုက်တော့ နာရီက မနက်ကိုးနာရီထိုးနေလေပြီ၊
နေ့လည်စာချက်ဖို့ အချိန်က သိပ်မကျန်တော့ ဒါနဲ့ ငါးသည်ကြီး တုံးတစ်ပြီး ကိုင်ပေးထားသော

ငါးတွေကို သူငယ်ချင်းတွေအဆောင်မှာတင် ရေဆေးပြီး ဆားနွင်းနယ်ထားလိုက်သည်။ မုန့်ဟင်းခါး ဘုန်းပြီးပြီးချင်း သူငယ်ချင်းတွေအဆောင်က သုတ်ချေတင် အပြေးပြန်လာကာ သူနေထိုင်ရာ အဆောင်ကိုရောက်တာနဲ့ မီးဖိုထဲ တန်းဝင်ပြီး ငါးဟင်းတစ်ခွက် ဖြစ်ဖို့ စီမံရလေသည်၊

အိန္ဒိယတောင်ပိုင်း တမီးလ်ပြည်နေက ငါးတွေသည် ကြော်ချက်ပြီးစားမှ ကောင်းပေသည်မို့ ပထမဆုံး အချိန်ယူကာ ငါးတွေကို ကြော်လိုက်သည်၊ တစ်အိုးနဲ့ မပြီး သုံးအိုးလောက်ကြော်မှ ငါးက ကုန်သည်၊ တတ်နိုင်ဘူးလေ ချက်မယ့်ချက်ကောင်းကောင်းလေး ဖြစ်အောင် ချက်မှဆိုပြီး စိတ်က ရှည်ရသေးသည်။

ငါးကြော်ပြီးတော့ ခရမ်းချဉ်သီးလှီး၊ ကြက်သွန်နွာ၊ ဂျင်းနဲ့ ကြက်သွန်ဖြူကိုထောင်း၊ ဆီထပ်သတ် ခရမ်းချဉ်သီးတွေ ပျော်ပြီးဆီဝှေ့တက်လာမှ ကြော်ထားတဲ့ ငါးတွေကို ထည့်လိုက်သည်၊

ဟိုက်ရှားပါး စားကြမယ်ဟေ့ ကောင်းကောင်း ထက်ပင် အနံ့အရသာက မွေးပျံနေသည်၊
မီးသုံးလေးမီးလောက် ဆူပွက်ပြီး ဆီလေးတွေဝေ့တက်လာတော့ ငါးဟင်းချက်ကို မီးဖိုပေါ်က ချလိုက်သည်၊

ထမင်းပေါင်းအိုးကြည့်လိုက်တော့ ထမင်းလဲကျက်နေပြီ၊ ဟင်းလဲအဆင်သင့် ခနနားပြီး ရေချိုးမယ်၊ ရေချိုးပြီး ငါးကြောက်နှပ်ဟင်းနဲ့ ဆွမ်းကောင်းကောင်းဘုန်းမယ်။

ဒီနေ့ ကျောင်းကလဲ ပိတ်တော့ အေးဆေး thesis အတွက် စာတွေကြည့်မယ်၊ ရေးမယ်၊
ကိုယ့်အတွေးနဲ့ကိုယ်ပျော်နေသည်၊ သူငယ်ချင်းအခန်းလှမ်းကြည့်တော့ တိတ်ဆိတ်နေဆဲ သူလဲ ကျောင်းပိတ်ရက်မို့ အနားယူနေဟန်တူသည်၊

ရေချိုးမခင် ချွေးလေးတွေ တိတ်သွားအောင် အခန်းအတွင်းမှာ ခနလေး အင်တာနက်ဖွင့် သတင်းဖတ်၊ ဖေစဘုတ်လေးကြည့်လုပ်နေလိုက်သည်၊ ချွေးတိတ်တာနဲ့ ရေချိုးလိုက်သည်၊ ရေချိုးပြီး ဗိုက်က တဂွီဂွီမြည်လာသည်၊ မနက်က ဘုန်းပေးထားတဲ့ မုန့်ဟင်းခါးတို့
ဘယ်တွေရောက်ကုန်ပြီ မသိ၊ တဂွီဂွီမြည်တဲ့ ဗိုက်ကို ဖြည့်ဖို့ မီးဖိုဆောင်ထဲက ထမင်းစားပွဲမှာ ထိုင်၊ ကိုယ်တိုင်ခူးခပ် ကိုယ်တိုင် ကိုယ်ဘာသာကပ်လိုက်ပြီး ၊ငါးကြောက်ဟင်းနဲ့ စပြီး တစ်လုပ်လွေးလိုက်သည်၊

ဟိုက် --------- ဘာဖြစ်ပါလိမ့်
ထမင်းလုပ်ထဲတွင် ကျိ ကျိ၊ တကျိကျိနဲ့ သဲမှုံတို့ နေရာယူနေပါရောလား
မှန်းစမ်း ဧကန္တဘယ်က ပါလိမ့်၊

သြော်လက်စ သတ်တော့ မနက်က ငါးသည်ကြီးက ငါးတွေကို လူသွားလမ်းပေါ် မှာပဲ ခုတ်ထွင်ပေးလိုက်သည်။ ကိုယ်က ရေစင်အောင် မဆေးဖြစ်ခဲ့ တရားခံက ဘွားကနဲတန်းပေါ်သည်၊ သူများမဟုတ် ကိုယ်ကိုယ်တိုင် ပေါ့လျှော့ခဲ့ခြင်းကြောင့် စားရမှာလဲ

သဲတရှပ်ရှပ် လွှင့်ပစ်ရမှာလဲ အဆီတ၀င်းဝင်းနဲ့ ငါးကြော်ဟင်းဖြစ်ရပြီ၊ တတ်နိုင်ဘူးလေ သူများအပြစ်မဟုတ် ကိုယ်အပြစ်ကြောင်းဖြစ်တဲ့ ငါးကြော်ဟင်းကို ကြိတ်မှိတ်ပြီး ပေစ္စဝေက္ခနာဆင်ခြင်ရင်း တစ်လုပ်ချင်း တစ်လုပ်ချင်း ပါးစပ်အတွင် ပစ်သွင်းနေမိတော့သည်။ ။
×××××××××××××××××××××××××××××××××××××

သြော် ဘ၀ဆိုတာ တစ်ခါတစ်ခါ စားရခါနီးမှ ပြစ်လိုက်ရတာ ရှိသလို၊ စားရမှာလဲ သဲတရှပ်ရှပ် ပစ်ရမှာလဲ အဆီတ၀င်းဝင်းနဲ့ ကြုံတတ်ပါကလား။ ။

ရွှေမန်းသား အရှင်အကုင်္ရ ( အိန္ဒိယတောင်ပိုင်း အနမလိုင်း)
၁၁.၁.၂၀၁၅

No comments:

Post a Comment