Monday 26 January 2015

လူပျောက်ကြော်ငြာ


++++++++++++++++++++++++++
လမ်းထိပ်က ဦးစိန်ကြီး လ္ဘက်ရည်ဆိုင်တွင် ကလေးတစ်ယောက်က အောက်ပါအတိုင်း ကြော်ငြာစာရွက်လေး တစ်ရွက် လာကပ်သွားသည်။
“အမေ ရောက်ရာအရပ်က အမြန်ပြန်လာပါ သား ဒီလ္ဘက်ရည်ဆိုင်က စောင့်နေမယ်၊”
သား ဖိုးငယ်။
နောက်တစ်ပတ် တနင်္ဂနွေ ရုံးပိတ်ရက်တွင် အမျိုးသမီး ဆယ်ယောက် လောက် ဦးစိန်ကြီး လ္ဘက်ရည်ဆိုင်ဆီကို ရှေ့ဆင့်နောက်ဆင့် ရောက်လာကြ သည်၊ သူတို့တစ်တွေကလဲ သားပျောက်လို့တဲ့၊ သူတို့သားနာမည်ကလဲ ဖိုးငယ် လို့ခေါ်တယ်ဆိုတာ တညီတညွှတ်တည်း အသံတူထွက်လို့။ ။
မိုးစုန်းစုန်း ချုပ်သည့်တိုင် အဲဒီနေ့က ဖိုးငယ် လ္ဘက်ရည်ဆိုင်လေးဆီကို ပေါ်မလာ၊ နေ့တိုင်း သူပုံမှန်လာတတ်တဲ့ နေ့လည်တစ်နာရီလဲ ပေါ်မလာခဲ့၊ အချိန်တွေသာ တစ တစကျော်သွားသည် ဖိုးငယ်က ပျောက်ချက်သားကောင်း နေဆဲ၊
ဒီလိုနဲ့ မျှော်လင့်ချက်ကုန်လို့ ကိုယ်စီ အိမ်ပြန်ကြမယ့် အမျိုးသမီး ဆယ်ယောက်လုံးက ဖိုးငယ်ကပ်သွားသော ကြောငြာစာရွက်လေးကို သဘောတူစွာ ခွါယူသွားကြပြီး နောက်ထပ် ကြော်ငြာ အသစ်တစ်ရွက် ထပ်ကပ်လိုက်လေသည်၊
“သားဖိုးငယ် ရောက်ရာအရပ်ကနေ အမြန်ပြန်လာပါ၊ အမေ ဒီလ္ဘက်ရည် ဆိုင်လေးကနေ စောင့်နေတယ်၊”
ပုံ မေမေ။
ညကိုးနာရီ လ္ဘရည်ဆိုင်သိမ်းချိန်တွင် ညနေက သားပျောက်ရှာနေသော အမျိုးသမီးများ ကပ်သွားသော ကြော်ငြာကို ဖိုးငယ် လာဖတ်နေသည်၊ ဒါကိုမြင် သောဦးစိန်ကြီးက လ္ဘက်ရည်ဆိုင်ထဲက အသာထွက်လာပြီး၊
“ဟေ့ ကောင်လေး နေ့လည်က မင်းကို အမျိုးသမီးတွေလာစောင့်နေတယ် မင်းဘာလို့ ထွက်မလာတာလဲကွ”
“သူတို့က ကျွန်တော်အမေနဲ့ မှ မတူတာဗျာ”" ကျွန်တော် အမေဆိုရင် ကျွန်တော်ကို မြင်တာနဲ့ ခေါ်မှာဗျ၊ နေ့လည်က ကျွန်တော် ဆိုင်နောက်ဖေးကနေ ၀င်လာပါသေးတယ်၊"
“ဟေ ဟုတ်လား? ဒါဆို အခု မင်းက ဘာထပ်လုပ်မလို့ ဆိုင်ကိုလာတာလဲ”
“ကျွန်တာ် ကြော်ငြာ အသစ် တစ်ရွက်ထပ်ကပ်မလို့ ဗျ”
“ မင်း ဟာ ရှုပ်နေတာပဲ ငါဖြင့် နားမလည်တော့ပါဘူးကွာ” ဦးစိန်ကြီးသည် ပြောပြောဆို လ္ဘက်ရည်ဆိုင်လေးထဲ ပြန်ဝင်သွားသည်၊
ဖိုးငယ်ကတော့ နောက်ထပ် ကြော်ငြာစာရွက်တစ်ရွက် ကပ်လျှက်ကျန်ခဲ့ သည်၊
“အမေ ရောက်ရာအရပ်က အမြန်ပြန်လာပါ သားဒီလ္ဘက်ရည်ဆိုင်က စောင့်နေမယ်၊”
သား ဖိုးငယ်။
¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬¬×××××××××××××××××××××××
ရွှေမန်းသား အရွင္အကုၤရ

No comments:

Post a Comment