Sunday 25 January 2015

ကျွန်ုပ်နှင့် သပိတ်ပရိက္ခရာ


+++++++++++++++++
ကျွန်ုပ်သည် ရဟန်းတစ်ပါး ဖြစ်လေရကား အဖဘုရားက ပညတ်ထားသော သိက္ခာပုဒ်များကို လဲ လေးစားလိုက်နာရ၏၊ သွားလေရာရာ စားဝတ်နေရေး အဆင်ပြေစေဖို့ အရေးမျှော်တွေးပြီး သပိတ်ပရိက္ခရာသည်လည်း ရှိရသေး၏၊ လေမိုးနေဒဏ် ကာယံစေခြင်းအကျိုးငှါ ထန်းရွက် ယပ်တောင် တစ်ချောင်းလဲ အသင့် ဆောင်ထား မိ၏၊ အနှီထမ်းရွက်ယပ်သည်ကား ရဟန်းတို့ ဆောင်သယ်ရသော ပရိက္ခရာတွင်ကား တကယ့်တကယ်တွင်မပါ၊ အပိုအဆပလာအဖြစ်ဖြင့် အပြစ်မဖြစ်သော နေမိုးလေဒဏ် ကာရံစေခြင်းငှါ ဆောင်ထားခြင်းဖြစ်၏၊
ထန်းရွက်ယပ်ကြီးထန်းပြီးသကာလ မကြာမကြာ အရပ်ထဲ ရွာထဲမှာ ဆွမ်းကြွသဖြင့် အရပ်ထဲမှ ကလေးသူငယ်များက ကျွန်ုပ်အား နှစ်ဆယ့်တစ်ရာစု ရှင်သီဝလီကြီးဟု မကြားတကြား ခေါ်စမှတ်ပြုကြ၏၊ သို့ပေသိ ကျွန်ုပ် ၏ထူးခြားချက်ကား အသက်ငယ်ရွယ်သေးသမို့ ရှင်သီလ၀ိလိုတော့ တောင်ဝှေးမပါ ဗလာသက်သက် ကြွချီနိုင်လျှက်ရှိချေ၏၊
သို့ပေသိ အနှီသပိတ်ပရိက္ခရာ ထန်းရွက်ယပ်ကြီးတို့ကား သွားလေရာရာ အမြဲပါသည်မဟုတ်၊ နေမွန်မတည့်မီကာလ ဆွမ်းခံကြွချိန်သာ ပါမြဲဆောင်မြဲဖြစ်၏၊ အခြားအကာလ မြို့တွင်း ရွာတွင်းကြွ ရောက်ခဲ့သည်ရှိသော် ကျွန်ုပ်ကား သင်္ကန်းကို သပ္ပါယ်စွာရုံလျှက် စက္ခုနှစ်စုံကို အိနြေ္ဒလုံအောင် စောင့်စည်းကာသာကြွမြဲဖြစ်၏၊
ပသိတ်ပရိက္ခရာကား အမြဲထာဝရပါ ဗလာသက်သက်သာဖြစ်၏၊
ယခုကား နောက်နောင်အခါ မြို့တွင်းရွာတွင်းသို့ မနက်ပိုင်း ဆွမ်းခံချိန်ကာလပဲဖြစ်ဖြစ် ညနေအချိန် ဆွမ်းမခံရ အကာလပဲဖြစ်ဖြစ် မည်သည့်အချိန် ကြွကြွ ကျွန်ုပ်မှာ သပိတ်ပရိက္ခာနှင့် ထန်းရွက်ယပ်ရပ်တောင်ကြီးကို အမြဲထာဝရ ဆောင်ယူဖို့ရန်သာ အကြောင်းဖန်လာ၏၊
အဘယ်ကြောင့်ဆိုသော် အချို့အချို့သော လောကဓာတ်ဆေးဆရာ ဒေါက်ချာဒေါက်တာများ က သူတို့ကို သူတို့ ဆေးကုတတ်သည့်အကြောင်း ကောင်းကောင်းသိစေရန်အလို့ငှာ လူနာစမ်းသပ် သည့် နားကြပ်ဟူသော ဝေါဟာရကြီးကို တထီးတနန်း ခမ်းနားစွာ သွားလေရာ တရမ်းရမ်းထမ်းယူကြသည်ဟူ သော စာမျက်နှာ ဘုတ်အုပ် သတင်းကြောင့်သာ ဖြစ်ချေ၏၊
အကယ်၍ ကျွန်ုပ်သာ သွားလေရာရာ ပသိတ်ပရိက္ခရာ မပါ မလွယ်ခဲ့သည် ရှိသော် ရဟန်းဟုတ်၏လော မဟုတ်၏လောဟူသော အတွေးများဖြင့် အများဘ၀င်မှာ အမှားထင်နိုင်ချေသည် မဟုတ်လား ဟရို့။ ။
++++++++++++++++++++++++++++++++=
( ချစ်လို့ ပြောတယ်မှတ်ပါ)
ရွှေမန်းသား

No comments:

Post a Comment