Saturday 31 January 2015

နှုတ်ဆက် နံနက်ခင်း


××××××××××××××××××××××××
ဝူးးးးးးးးးးးးးး ၀ူးးးးးးးးး အဆောင်ရှေ့တွင် ငှါးထားသော ကားဆိုက်လာသံကြားရသည်၊
ဦးပဏ္ဍိ၊ ဂျယန် ကားရောက်ပြီး အထုပ်တွေ အဆင်သင့်ဖြစ်ရင် တင်လိုက်မယ်၊
အေးအေး
အခန်းထဲက ဦးပဏ္ဍိက လှမ်းပြောသံ၊
Where is pandita?
Where is jaan?

အဆောင်ရှင်မိသားစုတွေကလဲ နှုတ်ဆက်ဖို့ ရောက်လာကြပြီ၊
အားလုံးရဲ့ မျက်နှာပေါ်တွေမှာ ပြိုတော့မယ့် မိုးမမာ ညှိုးရော်နေကြသည်၊ အဆောင်ရှင် မိသားစုတွေအထဲက အငယ်ဆုံး နာဂျီးက pandita , I will miss you every day.
သူ့စကားသံအကြား ညိုရော်နေကြတဲ့ မျက်နှာများက တစ်ခနချင်း ပြိုဆင်းလာကြသည်၊
အားလုံးမျက်ရည်တွေ ကိုယ်ဆီနဲ့၊ နှုတ်ဆက်နေကြတာ စိတ်ထဲနင့်နင့် နဲနဲ ကျန်ရစ်ခဲ့မယ့် မိသားစုတွေပုံရိပ်က တစ်သက်မမေ့ချင်စရာ၊ သုံးနှစ်သုံးမိုး သူတို့ အဆောင်လေးမှား ငှားနေပြီး အနမလိုင်း တက္ကသိုလ်ကြီးမှာ ကျောင်းတက်သွားသော မြန်မာရဟန်းတော်တွေကို
သံယောဇဉ်ကျွံနစ်ကြသော တမီလ်ပြည်နယ်သား တို့ရဲ့ နှုတ်ဆက်မှုက လွမ်းမောဖွယ်ရာ၊
ကဲ နောက်ကျနေမယ်၊ bye bye all of my friends. နှုတ်ဆက်သံနှင့် အတူ ကားလေးမောင်းထွက် သွားပြီ၊ ph.D ကျမ်းပြီးလို့ ကျမ်းတင်ကာ ပြန်သွားသူတဲ့ ပြန်သွားကြ ပြီ ကျန်ရစ်သူက ကျန်ရစ်ခဲ့ပြီ၊ မနက်ခင်းလေးသည် တစ်ခနာ အလွမ်းမျက်ရည်များဖြင့် သိုသို သိပ်သိပ် လင်းလက်လာခဲ့ပြီ၊
“ကျွန်တော် ခင်များတို့ အားလုံး ပြန်သွားပေမယ့် အားလုံးကို သတိရနေမှာပါ ဗျာ၊
ကျွန်တော်အဖေ့က မြန်မာပြည် ဒေးဒရဲမှာ မွေးခဲ့တာပါ၊ ကျွန်တော်နဲ့ ခင်များတို့က ဆွေမျိုးတွေလို့ ပြောလို့ရပါတယ်၊”
ကျန်ရစ်ခဲ့တဲ့ အဆောင်ရှင်ရဲ့ လွမ်းလွမ်းဆွေးဆွေး စကားသံကို ထပ်မံကြားရပြန်တော့ ကိုယ်တို့တစ်တွေပါ မျက်ရည်ဝဲချင်လာသည်၊
ဟုတ်တယ်ကွ သူ့အဖေက မြန်မာပြည်က ပြန်လာတာ နှစ်ပေါင်း ခြောက်ဆယ်ကြာတာ တောင် ကိုယ်တို့ မြင်တော့ အကြာကြီး စဉ်းစားပြီး “ ဘုန်းကြီး ဘုန်းကြီး” လို့ ခေါ်သေးတယ်၊ နှစ်ပေါင်းခြောက်ဆယ်ကျော်တာတောင် ဘုန်းကြီးဆိုတဲ့ စကားလုံးကို သူမှတ်မိနေတာ အံ့သြ စရာပဲပေါ့၊
ဒီလိုဆိုပြန်တော့ သူတို့ တမီးလ်သူ တမီးလ်သားတွေနဲ့ ကိုယ်တို့ မြန်မာကျောင်းသား ရဟန်းတော်တွေနဲ့က ဆွေမျိုးရင်းချာ မကင်းမကွာ သံယောဇဉ်ဖြစ်မည်ဆိုလဲ ဖြစ်ချင်စရာ၊
အဆောင်ရှင် အမျိုးသမီးက ဦးပဏ္ဍိတ နေသွားသော အခန်းလေးထဲကို ခဏခဏ ၀င်လိုက်ထွက်လိုက် ကြည့်နေသည်၊ အခန်းလေးထဲတွင် မီးချောင်းတစ်ချောင်းလင်းနေပြီး စာရွက် အတိုအစများ၊ စာအုပ်တစ်ချို့တလေ အခန်းဒေါင့်က အမှိုက်ပုန်းလေး၊ ကွမ်းသွေး ထွေးထည့်ထားသော သောက်ရေသန့်ဗူး အခွန်လေးမှ တစ်ပါး အခြားမကျန်မရှိ၊
သူ့စိတ်ထဲတော့ ဘယ်လိုနေသည်မသိ၊ သူ့ကို ကြည့်နေသော ကိုယ်တို့သည်ပင် ၀မ်းနည်းချင်လာသည်၊
“အမား ပြန်ရအောင်၊” သူ့သမီး ဒေ၀ီက အိမ်ပြန်ကြအောင် ခေါ်မှ ပြန်သွားရှာသည်၊
သံယောဇဉ်လွန်းတင်ရစ်သော မနက်ခင်းလေးသည်၊ အချိန်အခါ ကြာလာသည်နှင့် မှုံဝါး သွားပေဦးမည်ထင်သည်၊ ဒါမှ မဟုတ် ပိုပြီလာမည်လား မတွေးဆရဲစရာ၊ အချိန်အခါ သည်၊ တိုက်စားတတ်သော ကျားတစ်ကောင်ပမာဆိုတာကတော့ ဘယ်သူမှ မငြင်းသာ၊
+++++++++++++++++++++++++++++++++++++++++++++
ရွှေမန်းသား အရွင္အကုၤရ
1.2.2015

No comments:

Post a Comment