Friday 23 January 2015


ရှာလည်း မတွေ့ ကြာလည်းမမေ့
+++++++++++++++++++++++++++++++++++
သူနဲ့ကိုယ်ဟာ လက်တွဲလာခဲ့တာ တစ်နှစ်မကတော့ တစ်နှစ်ရယ် တင်မ ဟုတ် တိတိကျကျရေတွက်ပြရရင် နှစ်ပေါင်းဆယ်စုနှစ် သုံးခုစွန်းစွန်းတောင် ကျော်ခဲ့ရောပေါ့။ သူ့အတွက် လိုလေသေးမရှိ အစစ အရာရာ ဂရုစိုက်ခဲ့ရတယ်၊ သူမရှိရင် မနေတတ်တဲ့ ကိုယ့်အကျင့်ဟောင်းကြောင့် ဘယ်သွားသွား ဘယ်လာလာ သူနဲ့ အမြဲအတူ မခွဲကြည်ဖြူဖြစ်ခဲ့ရတယ်၊

သူဖြူရင်ကိုယ်လဲဖြူ သူမဲရင် ကိုယ်လဲမဲ၊ သူ့အကြိုက် သူ့စရိုက်အတိုင်းပါပဲ အချိန်ကြာသည်နှင့်အမျှ ကိုယ်ဆန္ဒတွေဆိုတာ သူ့ဆန္ဒတွေရဲ့ အရိပ်မိုးမှု အောက်မှာ ပြားပြားမှောက်လို့၊ အော်----- ကိုယ်က သူ့ကို ချစ်တာကိုး၊ ကိုယ်က သူ့ကို မြတ်နိုးတာကိုး၊ ကိုယ်က သူ့ကို တွယ်တာလာတာကိုး၊ မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားမိတာကိုး၊ တစ်နေ့မှာ သူဟာကိုယ်ဆီကနေ နှုတ်မဆက်ပဲ ရုတ်တ ရက်ထွက်သွားလိမ့်မယ်ဆိုတာ စိတ်ထဲမှာ သိပေမယ့် ဦးနှောက်က လက်ခံအ တည်ပြုပေမယ့် ကိုယ့်နှလုံးသားကတော့ အခုချိန်ထိ ဒါကို ငြင်းဆိုနေဆဲပဲလေ၊

အခုတလော ကိုယ်မြတ်မြတ်နိုးနိုးချစ်တဲ့ သူဟာ ကိုယ့်အပေါ်မှာ ဖယ်ခွါ ဖယ်ခွါ ဖြစ်ချင်လာချင်တယ်၊ ကိုယ်တွယ်လာတဲ့သူဟာ ကိုယ့်အပေါ်ကို ကွယ်ရာ မှာတင်မဟုတ် ကိုယ့်နဲ့ထိပ်တိုက်တည့်တည့်မှာကိုပဲ ကိုယ်အလိုမလိုက်ချင်တော့ ဘူးလေ၊ သူ ကြိုက်တာတွေလုပ်နေတယ်၊ သူဖြစ်ချင်တာတွေပြောနေတယ်၊ သူ့သဘောက ကိုယ်နဲ့ ဆန်ကျက်ဘက်တွေဖြစ်မှန်းမသိဖြစ်လို့၊ တစ်ခါတစ်ခါ ကိုယ်က စာကိုအကြာကြီး ကြည့်ချင်တယ်

သူက ကြည့်ခွင့်မပေးတော့ဘူး၊ ကိုယ်ကလဲ ခေါင်းမာသူဆိုတော့ ပေပြီးကြည့်မိတယ်၊ ဒါပေမယ့် နောက်ဆုံး ကိုယ်ပဲ အရှုံး ပေးလိုက်ရတာပဲ၊ သူက မျက်ရည်ပူတွေကျပြတယ်၊ ငိုက်မျဉ်းပြတယ်၊ တသမ်း သမ်း တဝေေ၀နဲ့ ကိုယ့်မှာ အနေခက်ပေါ့၊ ဒီလိုနဲ့ ကိုယ့်အကြိုက်ဆိုတာကို ဘေး ဖယ်ပြီး သူ့အကြိုက်တွေကိုပဲ တစ်ခါမက နှစ်ခါ၊ နှစ်ခါမက သုံးခါနဲ့ လိုက်ပါရင်း ကိုယ်ဟာ လုံးခြာခြားလူတစ်ယောက်ဖြစ်မှန်းမ သိဖြစ်လို့၊

ဘ၀မှာ လူတိုင်းလူတိုင်းဟာ ပေးတိုင်းပြန်မရတာ အချစ်လို့ဆိုကြပြန်လေ တော့ ကိုယ်လဲ သူ့အပေါ်ပေးဆက်လေသမျှ ပြန်မရခဲ့လေတော့ အဲဒီလူတွေပြောကြတဲ့ အချစ်များဖြစ်နေရော့သလားလို့ သံသယ၀င်မိခဲ့တာလဲ အကြိမ်ကြိမ်အခါခါ၊ ဘယ်လောက်ပဲ သူ့အပေါ်မှာကိုယ်က သံသယ၀င်ဝင် ချစ် ခင်မှုကတော့ နဲနဲလေးမှ ပျက်ကွက်သွားတာ ရော့ပါးသွားတာ မရှိပါဘူးလေ၊ အရင်ကလဲသူ့ကို ချစ်နေခဲ့တာပဲ၊ အခုလဲ သူ့ကိုချစ်နေဆဲပါပဲ၊ နောက်နောင်လဲ သူ့ကို ဆက်ချစ်နေရဦးမှာပါပဲ၊

ကိုယ်တတ်နိုင်သမျှ သူ့ကိုဂရုစိုက်မှုတွေနဲ့ အတူ ထပ်တူထပ်မျှ ချစ်ပြ နေရဦး မှာပေါ့၊ ဒီနေ့တောင် သူ့က မျက်ရည်ပူတွေကျပြနေလို့ ကိုယ့်မှာ စာလဲ မကြည့်ဖြစ်၊ စာလဲမရေးဖြစ် အိပ်ယာထဲမှာ လှဲနေပြီး သူ့အလိုကို လိုက်နေရတာ ကလဲ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် အိုးစားတွေကွဲနေတဲ့ နေ့တစ်နေ့ပေါ့၊

ကိုယ်ရေးချင်တဲ့ thesis နဲ့ ကိုယ်ဖတ်ချင်နေတဲ့ အကိုးအကားစာတွေဟာ သူမပါရင် အရာမရောက်တော့ သူ့ကို အနားပေးပြီး တလေးတစားနဲ့ ပြုစုနေရ တာဝဋ်တစ်ခု အလားပမာပါပဲ၊ ဘာပဲဖြစ်ဖြစ်လေ အခုအချိန်မှာ သူရှိနေလို့သာ ကိုယ့်မှာ လိုချင်တာဖြစ် ရေးချင်တာရ၊ ဖတ်ချင်တာ သိရတဲ့ အဖြစ်မျိုးမဟုတ် လား၊ ဒါကြောင့် သူ့ကို ကျေးဇူးတင်နေရတာပါပဲ၊ တစ်ခါတရံပဲ ကိုယ့်အလို မလိုက်တာက လွဲလို့ သူ့ဟာကိုယ့်ရဲ့ သွေးသောက်ညီအစ်ကို ရဲဘော်ရက် ဘက်ပါပဲလေ၊

ကိုယ့်က ဘယ်လောက်ချစ်ချစ် ဘယ်လောက် ဂရုစိုက်စိုက် တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ သူဟာ ကိုယ့်ကိုပစ်ခွါပြီး အဝေးကို ထွက်သွားမှာပါ၊ အဲဒီ အချိန်ကြရင် ရှာလဲမတွေ့ ကြာလဲမမေ့ဖြစ်ပြီး ကျန်ခဲ့မယ့်သူဟာ တစ်ခြားသူ ဟုတ်ရိုးလား ကိုယ်သာဖြစ်နေမှာပါ၊
အော်--------------
ရှာလဲမတွေ့၊ ကြာလဲ မမေ့
ငါလဲ တစ်နေ့-----------
တစ်နေ့နေ့ပေါ့။ ။

+++++++++++++++++++++++++++++++++++++++
(စာကြွင်း= thesis အတွက် စာအကြည့်များပြီး မျက်စိတွေက မျက်ရည်ပူတွေ ကျနေလို့ တွေးဖြစ် ရေးဖြစ်တဲ့ စာတိုလေးပါ)

ရွှေမန်းသား အရွင္အကုၤရ

No comments:

Post a Comment