Tuesday, 24 July 2012

အံ့ဖွယ်ရှစ်ဖြာ သာသနာ



သီရိလင်္ကာက ကိုလံဘိုမြို့မှာကျောင်းတက်နေတော့ တစ်ခါတစ်ခါ မန်ဂျစတစ်စီးတီ ဘက်ဈေးဝယ်ရောက်ဖြစ်ရင် အိန္ဒိယသမုဒ္ဒရာကြီးရဲ့ ကမ်းစပ်ကိုသွားထိုင်ဖြစ်ပါတယ်၊
အဲဒီကိုသွားထိုင်ရင် လေကောင်းလေသန့်လည်းရတာရယ်၊ ဆုံးစမရှိတဲ့သမုဒ္ဒရာကြီးကို ကြည့်ပြီးကြည့်နူးမိတာရယ်ကြောင့် မန်ဂျစတစ်ကိုရောက်တိုင်းလိုလို ကမ်းစပ်ဘက်ကို ရောက်ဖြစ်နေပါတယ်၊
     

   တစ်ခါတစ်ခါအဝေးက ပယ်လယ်ကူးသင်္ဘောကြီးတွေဟာ ဝေးသွားလိုက်နီးလာ လိုက်နဲ့ ကြည့်ရတာပန်ချီကားတစ်ချပ်လိုပါပဲ၊ လှိုင်းလုံးကြီးတွေကလည်း တစ်ဝုန်းဝုန်း နဲ့ဆိုတော့ ရေမျက်နှာမြင်ကိုငေးကြည့်ရင်း ရင်ထဲမှာ အေးသွားလိုက် နွေးသွားလိုက်နဲ့ ခံစားမှုတစ်မျိုးကိုရနေတတ်ပါတယ်၊

        သမုဒ္ဒရာကြီးကဘာနဲ့တူသလဲလို့စဉ်းစားကြည့်တော့ ဖတ်ဖူးထားတဲ့စာတစ်ပုဒ်ကို သွားသတိရမိတယ်၊ မြတ်စွာဘုရားဟောတော်မူထားတဲ့ အဂုင်္တ္ထိုရ် ပဟာရာဒသုတ်မှာ သမုဒ္ဒရာကြီးက အံ့သြဖို့ကောင်းတာရှစ်မျိုးတောင်ရှိတယ်ဆိုပဲ၊ အဲဒါဘာတွေလဲဆိုရင်-

        (၁) သမုဒ္ဒရာကြီးက ကမ်းစပ်ကနေ အလယ်ကိုတစတစနက်သွားတယ်ဆိုပဲ၊
မြတ်စွာဘုရားရဲ့ သာသနာတော်မြတ်ကြီးကလည်း အဲဒီသမုဒ္ဒရာကြီးနည်းတူ တစတစ ကျင့်သွားရတဲ့ ကျင့်စဉ်တွေရှိပါတယ်တဲ့၊ ဟုတ်ပါတယ် မြတ်စွာဘုရားသာသာနာတော် မှာ အထက်ရောက်ချင်လို့ဆိုပြီး ကျော်ကျင့်လို့မရပါဘူး၊ တဆင့်ခြင်းတက်သွားရတာပါ၊

        (၂) သမုဒ္ဒရာကြီးရဲ့ ရေတွေကဘယ်လောက်ပဲများများ ကမ်းကိုမကျော်လွန်ပါဘူး တဲ့ ၊ အဲဒီလိုပါပဲ မြတ်စွာဘုရားသာနာတော်မှာ နေကြတဲ့ လိမ္မာတဲ့တပည့်တွေဟာ မြတ်စွာဘုရားရဲ့ ၀ိနည်းစည်းကမ်းတွေကို လွန်ကျူးပြီးမကျင့်ပါဘူးတဲ့၊

        (၃) သမုဒ္ဒရာကြီးက သူထဲကိုချလိုက်တဲ့အကောင်ပုတ်တွေကို လက်မခံပဲ  ကမ်း ပေါ်ကိုလှိုင်းတွေနဲ့ အလိုလိုအော်တိုမစ်တစ် ပြန်ပစ်တင်ပါတယ်တဲ့၊ မြတ်စွာဘုရားသာ သနာတော်ကြီးကလည်း ယုတ်မာတဲ့သူတွေကို လက်မခံပါဘူးတဲ့၊ သူအလိုလိုအဝေးကို ရောက်သွားစေပါတယ်တဲ့၊ 

ဒါကြောင့်ဖြစ်မယ်ထင်ပါတယ်၊ အရှင်ဒေ၀ဒတ်တို့ စိဉ္စမာနတို့ မြတ်စွာဘုရားနဲ့တွေ့ပေမဲ့ သာသနာတော်ကြီးကနေ ဟိုးအဝေးကြီးကိုရောက်သွားခဲ့ တာလေ၊ တစ်ချို့လည်း သာသာနာတော် တွင်းနေပြီး သူတော်ကောင်းအယောင် ဆောင်ပြီးနေကြပေမဲ့ သူတို့ရဲ့စိတ်တွေကတော့ 
သာသနာတော်ကြီးနဲ့ဝေးရာကို အချိန် တိုင်းနာရီတိုင်း ပြေးခွါနေတာပါ၊
 
        (၄) မြစ်တွေ ချောင်းတွေက အရင်အစမှာ ဘယ်လိုအမည်သညာတွေပဲ ရလာရ လာ သမုဒ္ဒရာကြီးထဲကိုစီးဝင်လိုက်တာနဲ့ တစ်ပြိုင်နက် သူတို့အမည်တွေ ပြောက်သွားပါ တယ်တဲ့၊ ပြောရရင်တော့ ဧရာဝတီ၊ ချင်းတွင်း ၊ သံလွင် အစရှိတဲ့ နာမည်တွေ ဘယ်လို ပဲရှိခဲ့ရှိခဲ့ သမုဒ္ဒရာကြီးထဲရောက်ပြီးသွားရင် အဲဒီအမည်တွေပြောက်ပျက်သွားတာလေ၊ 

မြတ်စွာဘုရားသာသနာတော်မြတ်ကြီးကလည်း အဲဒီသမုဒ္ဒရာကြီးလိုပါပဲ သူဋ္ဌေးသားပဲ ဖြစ်ဖြစ်၊ သူတောင်းစားပဲဖြစ်ဖြစ်၊ ဘုရင်သားပဲဖြစ်ဖြစ် သာသာတော်ထဲကိုရောက်လာရင် အားလုံးဟာ တန်းတူဖြစ်ပြီး ဘုရားသားတော် အခေါ်ခံကြရတော့တာလေ၊

        (၅) မိုးဘယ်လောက်ပဲ ရွာရွာ၊ နေဘယ်လောက်ပဲပူပူ သမုဒ္ဒရာကြီးက ရေတွေ ဟာ အတိုးအလျှော့မရှိဘူဆိုပဲ၊ အဒီလိုပါပဲ မြတ်စွာဘုရားသာသနာတော်ကြီးမှာလည်း နိဗ္ဗာန်ဆိုတဲ့ အေးငြိမ်းရာဓာတ်ကတော့ ဘယ်တော့မှ အတိုးအလျှော့မရှိပါဘူးတဲ့


   (၆) သမုဒ္ဒရာကြီးရဲ့ရေတွေက ငန်တဲ့အရသာ တစ်မျိုးတည်းပဲရှိပါသတဲ့၊ ဒါ ကြောင့်လည်းဖောင်စီးရင်း ရေငတ်ဆိုတဲ့ စကားပုံပေါ်လာတာထင်ပါတယ်၊ ရေကငန် တော့ သောက်လေသောက်လေငတ်မပြေ ဖြစ်မယ်ထင်ပါတယ်၊ အဲဒီသမုဒ္ဒရာရေတွေ ဟာ ငန်တဲ့အရာသာတစ်မျိုးတည်းရှိသလို မြတ်စွာဘုရားသာသနာတော်ကြီးမှာလည်း လွတ်မြောက်မှုဝိမုတ္တိရသ တစ်မျိုးတည်းရှိပါသတဲ့၊
      

  (၇) သမုဒ္ဒရာကြီထဲမှာ ရတနာအမျိုးမျိုးရှိပါသတဲ့၊ အဲဒီသမုဒ္ဒရာကြီးလို မြတ်စွာ ဘုရားသာသနာတော်မြတ်ကြီးထဲမှာလည်း သတိပဋ္ဌာန် သမ္မပ္ပဓာန်စတဲ့ ဗောဓိပက္ခိယ တရား (၃၇) ပါးတည်ရှိပါသတဲ့၊


(၈) သမုဒ္ဒရာကြီးဟာ ကြီးမားတဲ့ ဝေလငါးလိုသတ္တ၀ါကြီးတွေရဲ့နေရာဖြစ်ပါသတဲ့၊ အဲဒီ လိုပါပဲ မြတ်စွာဘုရား သာသနာတော်မြတ်ကြီးမှာလည်း သောတာပန်အစရှိတဲ့ အရိယာ တို့ရဲ့ ကျင့်သုံးရာနေရာဖြစ်ပါသတဲ့၊ အသေးအမွှား ကလေးကစားစရာလေးမဟုတ်ပါဘူး တဲ့၊
 
 
        ကဲစာဖတ်သူရေ သီရိလင်္ကာက အိန္ဒိယသမုဒ္ဒရာကြီးကို ငေးရင်းနဲ့ ၀င်လာတဲ့အ တွေးလေးတွေ မျှဝေလိုက်တာပါ၊ ငါတို့ ယုံကြည်ထားတဲ့ သာသနာတော်မြတ်ကြီးဟာ ဒီ လိုအံ့သြစရာတွေ ရှိနေပါလားဆိုတာ ဖတ်ပြီးတော့ သဒ္ဓါတရားတိုးပွားကြည့်ပါနော်။ ။

ရွှေမန်းသား( အရွင္အကုၤရ)


No comments:

Post a Comment