Saturday, 28 July 2012

ကံကောင်း ဘယ်လိုလုပ်မလဲ ( ၃)



စာဖတ်သူတွေကို ဒီတစ်ခါလဲ ကံကောင်း အကြောင်းလှဖို့ လုပ်ရပ်လေးတွေ လုပ်ဖြစ်ဖို့ ပုံပြင်လေး တစ်ပုဒ်နဲ့ ပြောပြ  ချင်ပါသေးတယ်။ ပုံပြင်လေးက ဒီလိုပါ ၊

တစ်ခါတုန်းက စပါးကုန်သည်နဲ့ သားရေကုန်သည်နှစ်ယောက်ရှိသတဲ့၊ တစ်နေ့တော့ ကုန်သည်နှစ်ယောက်ဟာ အတူတိုင်ပင်ပြီး မြို့လေးတစ်မြိှုှ့ဆီကို ကုန်အဝယ်ထွက်ကြပါသတဲ့ ၊ ဒီလိုနဲ့ ခရီးသွားကြရင် လမ်းတစ်ဝက်ရောက်တော့ မိုးချုပ်သွားတာနဲ့ တည်းခိုစရာလိုက်ရှာကြပါတယ်၊ ကံကောင်းစွာနဲ့ လမ်းဘေးတစ်နေရာမှာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွေ့ရလို့ အဲဒီဘုန်းတော်ကြီးကျောင်းမှာ ဘုန်းတော်ကြီးကိုခွင့်တောင်းပြီး တစ်ညတာတည်းခိုးကြပါတယ်၊


ညရောက်လို့ မအိပ်ခင်မှာ ဘုန်းတော်ကြီးနဲ့ စကားပြောဖြစ်ကြတော့ တစ် ယောက်က သားရေကုန်သည်ဖြစ်ကြောင်း ကျန်တစ်ယောက်ကတော့ စပါးကုန်သည် ဖြစ်ကြောင်း လျှောက်ထားကြပါသတဲ့၊ ဒီလိုနဲ့ ညအိပ်ခါနီးမှာ ဘုန်းတော်ကြီးဟာ စပါးကုန်သည်ကိုကြတော့ ကုဋင်အကောင်းစားနဲ့ မွေ့ယာနဲ့သိပ်ပြီး၊ သားရေကုန်သည်ကိုတော့ ကြမ်းပြင်မှာပဲ ဖြစ်သလိုသိပ်ပါသတဲ့၊ မနက်လင်းတော့ ကုန်သည်နှစ်ယောက်လည်း လိုရာခရီးကိုဆက်သွားကြပါတယ်၊



သူတို့ရောက်လိုတဲ့မြို့ကို ရောက်ပြီးလို့ လိုအပ်တဲ့ကုန်တွေကို ဝယ်ယူပြီးပြန်ခဲ့ကြ ပါတယ်၊ ပြန်လာတဲ့အခါမှာလည်း အသွားတုန်းက သူတို့တည်းခိုခဲ့တဲ့ ဘုန်းတော် ကြီး ကျောင်းနားရောက်တဲ့အခါ မှောင်လာလို့ ကျောင်းမှာပဲ ဘုန်းတော်ကြီးဆီ ခွင့်တောင်းပြီး တစ်ညတာ ထပ်အိပ်ကြပါသတဲ့၊ ဒီအခါမှာတော့ ဘုန်းတော်ကြီးက သားရေကုန်သည်ကို ကုဋင်ကောင်းကောင်းမွေ့ယာနဲ့သိပ်ပြီး၊ စပါးကုန်သည်ကို တော့ ကြမ်းပြင်မှာပဲ ဖြစ်သလိုသိပ်ပါသတဲ့၊ 



ကုန်သည်နှစ်ယောက်လဲ အသွားနဲ့အပြန် သူ့တို့အပေါ်ဘုန်းတော်ကြီးရဲ့ ဆက်ဆံရေးကိုတွေးပြီး အိပ်မရဖြစ်ကာ မိုးလင်းလာပါတယ်၊



မနက်လင်းတော့ အဲဒီအကြောင်းကို ဘုန်းတော်ကြီးကိုလျှောက်ထားပါတယ်၊ ဘာကြောင့် သူတို့နှစ်ယောက်ကိုယခုလို အသွားတစ်မျိုးအပြန်တစ်ဖုံ သိပ်ရတာလဲပေါ့၊ အဲဒီတော့မှ ဘုန်းတော်ကြီးက” ဒကာသားရေကုန်သည်ဟာ အသွားမှာ သားရေဝယ်သွားတာဖြစ်တဲ့အတွက် နွားတွေများများသေကြေကြပါစေ လို့ ဆုတောင်းနေမှာလေ၊ နွားတွေများများသေကြေကြမှ သားရေကဈေးချိုမယ် မို့လား၊



ဒါပေမဲ့ ဒကာစပါးကုန်သည်ကတော့ စပါးတွေများများထွက်ရှိကြပါစေလို့ ဆုတောင်းနေမှာလေ၊ စပါးတွေများများထွက်ရှိကြမှ စပါးဈေးချိုမယ်လေ၊ အဲဒီတော့ အသွားမှာ ဒကာတို့နှစ်ယောက်နဲ့စိတ်ဟာဘယ်သူကကောင်းတဲ့စိတ် မွေးနေမလဲ စဉ်းစားကြည့်ကြပေါ့၊ ဒါကြောင့် အသွားမှာ စိတ်ကောင်းထားတဲ့ ဒကာကိုကောင်းတဲ့ကုဋင်နဲ့မွေ့ယာနဲ့ သိပ်လိုက်တာပါ၊

   
အပြန်ကြတော့ တစ်မျိုးဖြစ်သွားတယ်ဆိုတာလဲ ဒကာတို့စိတ်ကပြောင်းသွားပြီ လေ၊ အသွားနဲ့အပြန်ပြောင်းပြန်စိတ်ထားတွေ ထားကြတော့မှာလေ၊ ဒါကြောင့် အပြန်မှာ စိတ်ထားကောင်းထားတဲ့သူကို ကောင်းကောင်းသိပ်လိုက်တာပါ”လို့ ဘုန်းတော်ကြီးကရှင်းပြမှ ဒကာနှစ်ယောက်လည်းသဘောပေါက်ကာ ဘုန်းတော်

ဦးတိုက်ပြီး သူတို့ရဲ့ အရပ်ဒေသကို ပြန်ခဲ့ကြပါတော့တယ်၊

   
  စာဖတ်သူတို့ရေ ပုံပြင်လေးကတော့ ဒါပါပဲ၊ လောကကြီးမှာ လူတွေဟာလည်း ခရီး သွားတွေလေ၊တစ်ယောက်ရဲ့စိတ်နဲ့တစ်ယောက်ရဲ့စိတ်ကပုံပြင်ထဲကကုန်သည်နှစ်
ယောက်လို ပါပဲ မတူညီနိုင်ကြဘူးလေ၊ အမြဲတမ်းပြောင်းလဲနေတာပဲမို့လား၊ အဲဒီလို စိတ် တွေ အမြဲတမ်းပြောင်းလဲနေလို့ ကံတွေကလည်းအမြဲတမ်းပြောင်းနေတာလေ  ခု ကောင်းလိုက် ခုဆိုးလိုက်နဲ့ပေါ့၊



ဒါဆိုရင် ကံကောင်းအောင်ဘာလုပ်ကြမလဲ၊ စိတ်ထားအောင်ကြိုးစားရမှာပေါ့ စာဖတ်သူတို့ရယ်၊ ဒါကိုစာလိုပေလိုပြောပြရရင်တော့ ယောနိသောမနသိကာရ-သင့်တင့် လျှောက်ပတ်စွာ အရာရာကို မျှမျှတတနှလုံးသွင်းရမယ်ပေါ့၊ ဒါမှ စာဖတ်သူတို့လုပ်တဲ့ အလုပ်တိုင်းဟာ အောင်မြင်လာပြီး အမြဲ ကံကောင်းနေမှာ မို့လား၊ ။၊



ဒါကြောင့် စာဖတ်သူတို့ရေ ဒီနေ့ကစပြီး  အမြဲတမ်း ကံကောင်းနေစေဖို့  စိတ်ထားကောင်းအောင် အရင်ကြိုးစား

ကြည့်လိုက်ကြရအောင်နော်။ ။




No comments:

Post a Comment