Monday, 23 July 2012

အပေးနဲ့ အယူ



ခုရေးမဲ့ အကြောင်းအရာကိုပုံပြင်လေးတစ်ခုနဲ့ စပြောကြည့်ရအောင်ပါ၊ တစ်ခါက ရသေ့ ညီနောင်နှစ်ပါးရှိပါတယ်၊ ဒါပေမဲ့အတူမနေကြပါဘူး၊ ညီရသေ့လေးက ရေကန်နဲ့ နီးတဲ့ နေရာ ကျောင်းသင်္ခန်းလေးမှာနေပါတယ်၊ 

အစ်ကိုကြီကတော့ညီတော်နဲ့ ဝေးဝေး ကျောင်းသင်္ခန်းလေးမှာပေါ့၊ ညီတော်ရသေ့နေရာကို နဂါးတစ်ကောင်က အမြဲတမ်းလိုလိုလာလည်ပါတယ်၊ ဘာရယ်တော့ ဟုတ်မယ်မထင်ပါဘူး။ညီတော် ရသေ့လေးကို ကြည် ညိုလို့လည်း ဖြစ်ချင်ဖြစ်မှာပေါ၊့ဒါပေမဲ့ ညီတော်ရသေ့လေးခင်မျာ မစားနိုင်မအိပ်နိုင်နဲ့ ဖြစ်နေပါတယ်။ နဂါးလာတာကို ကြောက်လန့်နေလို့လေ၊ဒါနဲ့ 

တစ်နေ့ကြတော့ နောင်တော်ရသေ့ကို ပြောပြပြီးအကူညီတောင်းခံတယ်၊ နောင်တော်ရသေ့က အဲဒီနဂါးမှာတန်းဖိုးထားတဲ့အရာ ဘာရှိလဲညီတော်လို့ မေးတော့၊ ညီတော်ရသေ့က နောင်တော်ရေ အဲဒီနဂါးမှာတန်းဖိုးရှိတဲ့ ပတ္တမြားတစ်လုံးရှိတယ်၊ သူခေါင်းထဲမှာ အမြဲထည့်ထားတယ် လို့ ပြောပြတော့၊နောင်တော်ရသေ့က ဆက်ပြောတယ်၊ ဟန်ကြပြီညီတော်ရေ မစိုးရိမ် တော့နဲ့ ဒီတစ်ခါ 

အဲဒီနဂါးလာရင်အဲဒီသူအနှစ်သက်ဆုံး ပတ္တမြားကို တောင်းပေတော့ လို့ မှာထားခဲ့ပါတယ်၊ ညီတော်ရသေ့လည်း နောက်နေ့နောက်နေ့တွေ နဂါးလာတော့ ပတ္တမြားကို တောင်းပါတယ်၊ နဂါးကလည်း မပေးပါဘူး၊ ဒီလိုနဲ့ လာလိုက်တောင်းလိုက်လာလိုက် တောင်းလိုက်နဲ့ တောင်းနေတော့ နဂါးနားငြီးသွားတယ်ထင်ပါတယ်၊ မလာတော့ဘူးတဲ့၊ ညီတော်ရသေ့လည်းအဲဒီကစ အသားအရေစိုပြေလာပြီး ပြန်ဝလာပါ တယ်၊ တကယ်တော့ တောင်းလွန်းလို့ ချစ်လို့လာနေတဲ့နဂါးက ညီတော်ရသေ့လေးကို မုန်းသွားတာပါ၊ တောင်းလွန်းရင်မုန်းတတ်ပါသတဲ့စာဖတ်သူရေ၊


          နောက် ဟိုးလူသူမနီးတဲ့ တောကြီးထဲမှာ တောရဆောက်တည်နေတဲ့ ရသေ့တစ်ပါးအကြောင်းကို ဆက်ချင်ပါသေးတယ်၊ တစ်နေ့ အဲဒီရသေ့ဟာ ချင်ဆားမှီဝယ်ရန် မြို့ဆီကို ကြွလာပါတယ်၊ပြောရရင်တော့ တောထဲနေတဲ့ ရသေ့ရဟန်းတွေဟာ စားတဲ့ အစာအဟာရတွေမှာ စားမပါလို့ အသားအရေဖြူဖတ်လာတတ်ပါတယ်၊ဒါကြောင့်မြို့ကို ဆားအတွက် တက်လာတာပါ၊ 

မြို့တော်ကိုရောက်တော့ ရှင်ဘုရင်ကကြည်ညိုလွန်းလို့သူရဲ့ဥယျာဉ်ကို ကျောင်းအဖြစ် လှူလိုက်ပါတယ်၊ ဒါပေမဲ့ တောထဲမှာသီတင်းသုံးတဲ့ ရသေ့ကြီးကမြို့ပေါ်မှာ မပျော်ပါဘူး၊ တစ်ရက် ဖိနပ်လေးတစ်ရန်ရယ် ထီလေးတစ်ချောင်းရယ် ဘုရင်မင်းတရားဆီကအလှူခံပြီးရင် ပြန်မယ်လို့ စိတ်ကူးထည့် ထားပါတယ်၊ ဒါပေမဲ့ အဲဒီလိုတောင်းရမှာကို ပြောမထွက်ဘူးတဲ့လေ၊ဒီလိုနဲ့နေလာလိုက်တာ စာဖတ်သူရေ (၁၂) နှစ်တောင်ကြာသွားတယ်ဆိုပဲ၊ 

တစ်နေ့ မင်းတရားက အရှင်ဘုရားလိုအပ်တာရှိရင် မိန့်ပါဘုရားလို့ လျှောက်ထားမှ၊ ဒကာတော်ရယ် ဖိနပ်လေးတစ်ရံနဲ့ ထီလေးတစ်ချောင်းရချင်ပါတယ်လို့အလှူခံတော့သတဲ့၊ မင်းကြီးခင်မျာ အံ့သြလွန်းလို့ အရှင်ဘုရားဘာဖြစ်လို့များ (၁၂) ကြာအောင်နှုတ်ဆိတ်နေခဲ့ရတာလဲ တပည့်တော်လှူနိုင်ပါတယ် ဘုရားလို့ လျှောက်ကြားတော့၊ ရှင်ရသေ့ ပြောတဲ့စကားလေးက မှတ်သားစရာကောင်းပါတယ်၊“  

ဒကာတော်မင်းတရားတောင်းတဲ့သူက ငိုပြတဲ့သူနဲ့ တူပါတယ်၊ နောက် ကိုယ်တောင်းလို့ မပေးနိုင်တဲ့သူက မပေးနိုင်လို့ ပြန်လည်ပြောတာဟာ ပြန်ငိုပြတာနဲ့တူတယ်”တဲ့၊ ပုံပြင်ထဲက ရှင်ရသေ့တွေဟာ တစ်ပါးနဲ့ တစ်ပါး ဖြစ်ပုံခြင်း ကွဲပြားနေပါတယ်၊တစ်ပါးက တောင်းရမှာကြောက်တာ၊ 

တစ်ပါးက သူဆီကို နဂါးလာမှာကြောက်လို့တောင်းတာ၊ တောင်းတာခြင်းကြတူညီနေပြန်ရော၊ ဒါပေမဲ့ တောင်းတာဟာ ဘယ်လိုတောင်းတာပဲ ဖြစ်ဖြစ် ဒုတိယရှင်ရသေ့ပြောတဲ့ငိုပြရတာပါပဲ၊ စာရေးသူရော စာဖတ်သူပါ ခဏခဏငိုပြရဘူးမှာပါ၊

          တကယ်တော့ တောင်းတာထက် ပေးတာကပိုပြီး ပီတိဖြစ်ရပါတယ်၊ နောက် ပေးကမ်းခြင်းက အရာရာကိုအောင်မြင်ပါတယ်၊ ဒါပေမဲ့စာဖတ်သူတော့ မသိဘူး စာရေးသူတော့ ပေးကမ်းနိုင်ဘို့ အရမ်းကို ကြိုးစားနေရပါတယ်၊ ပေးကမ်းတယ်ဆိုတာစစ်တိုက်ရသလိုပါပဲ၊ စစ်ပွဲသွားမဲ့ စစ်သည်သူရဲကောင်းဟာ ကိုယ့်အသက်ကို မငဲ့ကွက်ပဲ စွန့်ရဲမှပါ၊ထိုအတူပါပဲ        ပေးကမ်းတဲ့သူဟာ ကိုယ့်ပစ္စည်းဥစ္စာကိုစွန့်လွတ်ရဲမှပါ၊ ကြားဖူးတဲ့ ဆရာကြီးဦးရွှေအောင်ရဲ့စကာလေးရှိပါတယ်၊“ တစ်စတစ်စ စွန့်ဝံ့မှလျှင် ဘ၀နောင် နှောင်း ဆက်တိုင်းကောင်း၏” တဲ့။ 

စာဖတ်သူရောနောင်ဘ၀တွေ တွေမှာမကောင်းစားချင်ဘူးလား၊ ကောင်းစားချင်ရင်တော့ တစ်ခုတစ်ခု ကြိုးစားပြီးစွန့်လွှတ်ကြည့်ရအောင်လား၊ ဒါပေမဲ့ ကိုယ်မနိုင်တဲ့ ၀န်ကြီးတော့ မဖြစ်စေချင်ဘူးလေ၊ တစ်ရာရှိရင်တစ်ဆယ်လောက်စွန့်ကြည့်သလိုမျိုးပေါ့၊ စာရေးသူတော့ အဲဒီလိုလေး ပြုမိအောင် ကျင့်မိအောင်ကြိုးစားကြည့်နေပါတယ်၊

 နောင်ဘ၀ကောင်းဖို့ထက် ပေးကမ်းလို့ဖြစ်လာတဲ့ ပီတိလေးကို ခံစားကြည့်ချင်တာလည်းပါတယ်၊စာဖတ်သူလည်း ဒီလိုပီတိမျိုးခံစားဖူးမယ်ထင်ပါတယ်၊ ခံစားဖူးတယ် ဆိုရင် နောင်ဘ၀ရယ် မျက်မှောက်ဘ၀ရယ်ကောင်းစားပြီးပီတိလေးတွေ ခံစားနိုင်အောင် ကြိုးစားကြည့်ရ အောင်လား စာဖတ်သူ။ ။

ရွှေမန်းသား ( အရွင္အကုၤရ)
 


No comments:

Post a Comment