c-a-t- အသံ ထွက်
ဒီတစ်ခါ စာဖတ်သူတွေကို မန္တလေးသာသနာ့တက္ကသိုလ်ကြီးမှာနေစဉ်က ရီမောစရာ
ကောင်းတာလေးတစ်ခုကို ဖောက်သည်ချပါဦးမယ်၊ သာနာ့တက္ကသိုလ်ကြီးမှာလာ
ရောက်ကျောင်းတက်ကြတဲ့ စာသင်သားကိုယ်တော်လေးတွေမှာ အင်္ဂလိပ်စာတော်တဲ့
သူပါသလို တက္ကသိုလ်ရောက်မှ အင်္ဂလိပ်စာနဲ့
နဖူးတွေ့ဒူးတွေ့ကြုံတွေ့ရင်ဆိုင်ရတဲ့ စာသင်သား ကိုယ်တော်လေးတွေလေးပါပါတယ်၊
အဲဒီလိုကိုယ်တွေထဲမှာ ဦးဇင်းသုမနက တစ်ပါးအပါဝင်ပေါ့၊ နောက်ပြီး သူက,ကဗျာတွေ ဘာတွေစပ်တာလည်း ၀ါသနာပါပါသေးတယ်၊ တက္ကသိုလ်ကြီးမှာ ရိုးရိုး(B.A buddhim) အတန်းမှာ ပြဌာန်းစာတွေက (၇) ဘာသာတောင်ရှိတာဆိုတော့ စာမေးပွဲနီးပြီဆိုရင် ရေကုန်ရေခန်း ပုဝါမကူရေမရှူကြေး စာတွေနဲ့နပန်းလုံးရတာပါ၊ အဲဒီလိုစာမေး ပွဲနီးတဲ့ကာလဆိုရင် ပြဌာန်းစာတွေအားလုံးကို အတိုချုံးမှတ်သင့်တာမှတ်၊ ကဗျာလေး တွေနဲ့ မှတ်မိအောင်စပ်သင့်တာစပ်နဲ့ ဗျာများကြရပါတယ်၊ စာကျက်ကြပြန်တော့လည်း ကိုယ်နဲ့ဘော်ဒါဖြစ်သူချင်း ၀ိုင်းဖွဲ့ကာကျက်တဲ့သူတွေကကျက်ကြပါတယ်၊
အဲဒီလိုဝိုင်းဖွဲ့ကျက်ရင်း တစ်ယောက်နဲ့တစ်ယောက် အမြင်ခြင်းတွေဖလှယ်ကြ၊ ကိုယ်စပ်ထားတဲ့တိုတိုထွာထွာကဗျာလေးတွေ လက်ဆင့်ကမ်းကြ၊ မျှဝေကြနဲ့ ပျော်စရာ ကောင်းပြီး ရောက်လာမဲ့စာမေးပွဲကြီးကိုတွေးပြီး ရင်ခုန်နေရတဲ့ကာလဆိုရင်လည်း မမှား ပါဘူး။ တစ်ချို့ကိုယ်တော်လေးများက သမိုင်းနဲ့ပတ်သက်တဲ့ခေတ်တွေကို မှတ်မိအောင် “ပု ပင်း အင်း တောင် ညောင်းရမ်းနောင် ကုန်ဘောင် ကိုလိုနီ”ဆိုတဲ့အတိုကောက်ကဗျာ လေးတွေလည်းစပ်တတ်ကြပါတယ်၊ တစ်ချို့ကြပြန်တော့လည်း အင်္ဂလိပ်စာကျက်ရာမှာ အသံထွက်ကိုဦးစားမပေးပဲစာလုံးပေါင်းမှတ်မိအောင်“Mother”ကို“မိုးသား”လို့အော်ကြီးဟစ်ကျယ်နဲ့ နားထောင်တဲ့သူမျက်စိလည်အောင် အော်ကျက်တတ်ပါတယ်၊
ဖြတ်သွားဖြတ်လာ ပညာရှင်တွေကများ“မိုင် မိုးသား ဂိုးတူ လုံဒုန်”လို့များကြားသွားရင် ဘယ်လိုနေမယ် မသိပါဘူး၊ အချင်းချင်းကတော့ အော် ဒီကိုယ်တော်လေး My mother go to London ဆိုတာကိုကျက်မှတ်နေတာလို့ နားလည်ယူရပါတယ်၊
အဲဒိလိုစပ်မိစပ်ရာ မှတ်မိမှတ်ရာအဖြာဖြာထဲက ဦးဇင်သုမနရွှေဥာဏ်တော်ကွန့်မြူးလိုက် တဲ့ကဗျာလေးကြောင့် မပြုံးပဲ ၀ါးလုံးကွဲအောင်ရီခဲ့ရပါတယ်၊ တစ်နေ့မှာစာကျက်နေရင်း ဦးသုမနရောက်လာပြီး ”ကိုယ်တော်တို့ တပည့်တော် cat ကိုအသံထွက်မှတ်မိအောင် ကဗျာစပ်ထားတယ်ဗျ” ဟုတ်လားကိုယ်တော် လုပ်စမ်းပါဦး တပည့်တော်တို့လည်း နည်း ယူရအောင်” အဲဒီလိုသူငယ်ချင်းဘော်ဒါတစ်ပါးက ပွဲတောင်းလိုက်တော့ ဦးသုမနလဲ အသံဝါ၀ါကြီးနဲ့ သူစပ်ထားတဲ့ကဗျာကို “စီအေတီကတ် အသံထွက် အနက်ကြောင်ဟု ဖတ်” လို့ဆိုပြလိုက်တာ အားလုံးပဲဝါးကနဲ့ပွဲကြသွားပါတော့တယ်၊
ဦးသုမနရွှေဥာဏ်တော်ကွန့်မြူးလိုက်တာ လွယ်တာကပိုခက်သွားပြီး အားလုံးပါးစပ်ဖျားမှာ ယနေ့ထက်တိုင်အောင် စီအေတီကတ်ဆရာတော်လို့ သူ့ကိုတွင်ခေါ်နေပါတော့တယ်၊

ရွှေမန်းသား ( အရှင်အကုင်္ရ )
No comments:
Post a Comment