ဒီတစ်ခါစာဖတ်သူတွေကို မဟာဗောဓိပင်အကြောင်းပြောပြချင်ပါသေးတယ်၊
ဗောဓိပင်ဆိုတာ ဂေါတမမြတ်စွာဘုရား သစ္စာလေးပါးကို
ထိုးထွင်းသိမြင်တော်မူခဲ့တဲ့နေရာက အပင်ပါ၊ ပုံမှန်အား ဖြင့်တော့
သာမာန်ညောင်ပင်ပါပဲ၊ ဒါပေမဲ့ မြတ်စွာဘုရားသစ္စာလေးပါးကို
အဲဒီညောင်ပင်အောက်မှာ သိသွားတဲ့အတွက် သာမာန်ညောင်ပင်ကနေ ဗောဓိညောင်ပင်
ဖြစ်သွားရတာပါ၊ ဗောဓိဆိုတာ ထိုးထွင်းပြီးတော့ သိတယ်ဆိုတဲ့အဓိပ္ပါယ်ပါ၊
ဘုရားရှင်တိုင်းက ညောင်ပင်တွေအောက်မှာပွင့်ကြတာဘုရားဖြစ်ကြတာမဟုတ်ပါဘူး၊ တစ်ချို့ဘုရားရှင်တွေကြ ပင်လယ်ကသစ်ပင် ကန့်ကော်ပင်စတာတွေအောက်မှာ ပွင့်ကြတာပါ၊ အဲဒီလိုပွင့်ကြတဲ့အတွက် အဲဒီအပင်တွေကလည်း ဗောဓိပင်လို့ခေါ်ရပါတယ်၊ နောက်ပွင့်တော်မူမဲ့ အရိမေတ္တေယျမြတ်စွာဘုရားသခင်ဆိုရင် ကန့်ကော်ပင်အောက်မှာ ပွင့်တော်မူမှာပါ၊ ဒါကြောင့် တစ်ချို့ဆရာတော်ကြီးများက ကြိုတင်ပူဇော်တဲ့အနေနဲ့ ကန့် ကော်တစ်ထောင်စိုက်ပျိုးပြီး ပူဇော်ကြပါတယ်၊ မြတ်စွာဘုရားပွင့်တော်မူသွားတဲ့ဗောဓိပင်ကိုမဟာဗောဓိပင်လို့အများအားဖြင့်ခေါ်ကြပါတယ်အဲဒီလိုခေါ်တာက
တခြားဗောဓိပင်အပွားတွေရှိနေလို့ပါမတ်စွာဘုရားသက်တော်ထင်ရှားရှိတော်မူစဉ်အခါကမြတ်စွာဘုရားဇေတ၀န်
ရွှေကျောင်းကနေ တခြားနေရာများကို ဒေသစာရီကြွချီသွားရင် ဘုရားရှင်ကိုယ်စား ဖူးမျှော်ပူဇော်ခွင့်ရဖို့ ဇေ၀န်ကျောင်းဝင်းထဲမှာ မဟာဗောဓိပင်ကနေ အစေ့ကိုယူပြီးစိုက်ထားတဲ့ဗောဓိပင်ကို အာနန္ဒာဗောဓိပင်လို့ခေါ်ပါတယ်၊ အဲဒီလိုခေါ်ရတာက အရှင်အာနန္ဒာက ဗောဓိပင်စိုက်ပျိုးရာမှာ ညွှန်ကြားပေးလို့ပါ၊ နောက်တစ်ပင်ကတော့ သီရိဓမ္မာ သောကမင်းကြီးက သာသနာနှစ်(၂၃၆) B.C(304_232) မှာ မဟာဗောဓိပင်ရဲ့ တောင်ဖက်က အကိုင်းကို သစ္စာပြုပြီးဆေးဒန်းမြင်းသီလာနဲ့ အမှတ်အသားပြုရာကနေ ပြတ်ကြပြီးရွှေဖျင်းအိုးထဲကျ ပါတယ်၊ အဲဒီဗောဓိပင်ကို သီရိဓမ္မာသောကမင်းကြီးရဲ့ သမီးတော်ဘိက္ခူနီမသင်္ဃမိတ္တာက သ်ီဟိုဠ်ကိုပင့်ဆောင်သွားပါတယ်၊

သီဟိုဠ်အရောက်မှာ
ရှေးရှေးဘုရားရှင်(၃)ဆူတို့ရဲ့ ဗောဓိပင်တည်ရှိ ခဲ့ဖူးတဲ့နေရာမှာ
အရှင်မဟာမဟိန္ဒ၊ သင်္ဃမိတ္တာဘိက္ခူနီမ၊ ဒေ၀ါနံပိယတိဿမင်းတို့ကဦးဆောင်ပြီး
မဟာမေဃဥယျာဉ် ထဲမှာစိုက်ပျိုးထားပါတယ်၊ အဲဒီဗောဓိပင်ကို
ဒက္ခိဏသာခါဗောဓိပင်လို့ လည်းခေါ်ပါတယ်၊ အဓိပ္ပါယ်က
မဟာဗောဓိပင်ကြီးရဲ့တောင်ဘက်ကိုင်းက ဗောဓိပင်ဆိုတဲ့အဓိပ္ပါယ်ပါ၊ ယခုထက်တိုင်
အဲဒီဒက္ခိဏသာခါဗောဓိပင်ကို သီရိလင်္ကာနိုင်ငံ အနုရာဓပူရမြို့မှာ
ကိုးကွယ်ပူဇော်ဆဲပါ၊
သီဟိုဠ်မှာတော့ ဗောဓိပင်ပူဇော်တဲ့ဓလေ့ဟာ
ရှေးမင်းတွေလက်ထက်ကစပြီး ယနေ့အချိန်ထိခေတ်စား နေဆဲပါပဲ၊ နိုင်ငံခေါင်းဆောင်
ဘုရင်များသမ္မများ နန်းသစ်တက်ပြီဆိုရင် ဗောဓိပင်ကိုအရင်သွားဦး
တိုက်ကြပါတယ်၊
နောက်သီရိလင်္ကာက ဘုန်းကြီးကျောင်းတိုင်းမှာ
ဗောဓိပင်ပွားတွေရှိပါတယ်၊ ဗောဓိပင်ပွားတွေရှိရတာကလည်း
သီဟိုဠ်ဘုန်းကြီးကျောင်းတွေရဲ့အင်္ဂါတစ်ခုပါ အဲဒီဗောဓိပင်ကို
မနက်တစ်ခါညနေတစ်ခါ တံမျက်လှည်းပြီး
ဆီမီးတို့ပန်းတို့နဲ့နေစဉ်ပူဇော်တာတွေ့ရပါတယ်၊ ပြောရရင်တော့
ဗောဓိပင်တွေဟာမြတ်စွာဘုရာသခင်ရဲ့ အသုံးအဆောင်ထဲမှာပါဝင်တဲ့အတွက်
ပရိဘောဂစေတီထိုက်ပါတယ်၊ဒါကြောင့်လည်းယနေ့ ထက်တိုင်ပူဇော်နေကြတာပါ၊
ယနေ့ခေတ်အိန္ဒိယကိုဘုရားဖူးသွားတဲ့မြန်မာအများစုကတော့မဟာဗောဓိပင်ကကြွေကျတဲ့မဟာဗောဓိရွက်တွေကိုကောက်ယူ
လာတတ်ကြပါတယ်၊ နောက်ဗောဓိပင်ခြေရင်းကမြေသားတွေကိုလည်းယူဆောင်လာတတ်ကြပါတယ်၊ ဒီလိုယူလာတာကလည်း ကိုးကွယ်ပူဇော်ဖို့ပါ၊ ဒါပေမဲ့ အဲဒီလိုမြေတွေကို ယူလာပြီးပူဇော်တာဟာ မြတ်စွာဘရားရှင်ရဲ့အလိုတော်ကြဖြစ်ပါရဲ့လားလို့ စဉ်းစားစေချင်ပါတယ်၊

မြတ်စွာဘုရားသက်တော်ထင်ရှားရှိနေစဉ်အခါက
ဝက္ကလိဆိုတဲ့ရဟန်းတစ်ပါးရှိပါတယ်၊ ၀က္ကလိရဟန်း ဟာ မြတ်စွာဘုရားကို
အသေအလဲကြည့်ညိုတာပါ၊ ဘာကြောင့်ဒီလိုပြောရသလဲဆိုရင် အမြဲတမ်းမြတ်စွာဘုရားကို
မြင်နိုင်တဲ့နေရာမှာပဲနေပြီး မြတ်စွာဘုရားရဲ့ ကြည်ညိုဖွယ်ရုပ်ဆင်းတော်ကို
တစ်နေကုန်ထိုင်ကြည့်ပြီးနေတာပါ၊ စားချိန်နဲ့အိပ်ချိန်ကလွဲရင်
မြတ်စွာဘုရားကိုငေးမောကြည့်နေတာနဲ့ အချိန်ကုန်နေပါတယ်၊
ဘာတရားမှလည်းအားမထုတ်ပါဘူး၊ ဒါကိုသိတဲ့မြတ်စွာဘုရားက “၀က္ကလိ
အပုတ်ကောင်ကြီးရုပ်ဆောင်ထားတဲ့ခန္ဓာကိုယ်ကြီးကိုထိုင်ကြည့်နေလို့မကျိုးမရှိပါဘူးငါဘုရားဟောကြားထားတဲ့တရားတော်တွေအတိုင်းကျင့်ကြံပါ”
လို့ သတိပေးစကားဟောကြားပါတယ်၊ ဒါပေမဲ့ ၀က္ကလိကတော့ လုပ်ရိုးလုပ်စဉ်တိုင်းပဲလုပ်နေပါတယ်၊
လို့ သတိပေးစကားဟောကြားပါတယ်၊ ဒါပေမဲ့ ၀က္ကလိကတော့ လုပ်ရိုးလုပ်စဉ်တိုင်းပဲလုပ်နေပါတယ်၊
ဒါနဲ့နောက်ဆုံး မြတ်စွာဘုရားက “၀က္ကလိ
ထွက်သွားတော့”လို့ကျောင်းကနေနှင်ချလိုက်ပါတယ်၊ဒီသာဓကလေးက
ရုပ်ခန္ဓာကြီးကိုတွယ်တာပြီး ကြည်ညိုနေတဲ့ ၀က္ကလိရဟန်းတော်ရဲ့အကြောင်းပါ၊
နောက် မြတ်စွာဘုရာရှင်ပရိဗ္ဗာန်စံခါနီးတော့
အရှင်အာနန္ဒာခမျာအားငယ်ရှာပါတယ်၊ မြတ်စွာဘုရားမရှိရင်တော့
ဒို့မှာဆရာမရှိတော့ဘူးဆိုပြီး စိတ်လေးနေပါတယ်၊ ဒီအချိန်မှာ
မြတ်စွာဘုရာသခင်က “အာနန္ဒာ ငါဘုရားမရှိလို့ ဆရာမရှိဘူးဆိုပြီးအားမငယ်ကြပါနဲ့
ငါဘုရား ဟောကြားထားတော်မူခဲ့တဲ့တရားတော်တွေဟာ ညီတော်တို့အတွက်
ငါဘုရားကိုယ်စား ဆရာ သမားပါ”လို့ဟောကြားမှာထားခဲ့ပါတယ်၊
ဒီသာဓကလေးတွေကိုထောက်ကြည့်မယ်ဆိုရင် မဟာဗောဓိပင်ခြေရင်းကမြေတွေယူတာ၊
ဗောဓိညောင်ရွက်လေးတွေကောက်ယူလာတာဟာ မြတ်စွာဘုရားရဲ့ဆန္ဒတော်နဲ့
လွဲချော်နေမယ် ထင်ပါတယ်၊ စာဖတ်သူများကိုယ်တိုင်စဉ်းစားကြည့်စေချင်ပါတယ်၊
စာရေးသူလည်း သိလွန်းလို့တတ် လွန်းလို့မဟုတ်ပါဘူး၊ ဝေဖန်ဖို့နဲ့ဆင်ခြင်ဖို့
မျှဝေလိုက်တာပါ။ ။
ရွှေမန်းသား ( အရှင် အကုၤရ)
No comments:
Post a Comment