တစ်ခါက အပင်ပေါက်ဖို့ပြင်ဆင်နေတဲ့ သစ်စေ့လေးနှစ်စေ့ရှိပါတယ်၊
သစ်စေ့လေးတစ်စေ့က “ငါတော့ အပင်ပေါက်ရာမှာကြောက်တယ်ကွာ၊ သစ်ပင်အကြီး ကြီးမဖြစ်ခင် အညှောင့်အပင်ပေါက်လေးဘဝမှာ အစာလာရှာတဲ့ ကြက်အုပ်စုတွေက တွေ့သွားရင်အစားခံရမှာရယ်၊ မြေကြီးကိုခွဲထွက်လိုက်ရင် ငါရဲ့ အညွှန့်လေးတွေ ကြိုးကျေသွားမှာ ကြောက်တယ်၊ “လို့ပြောရှာတယ်၊
ဒါနဲ့ ဒုတိယသစ်စေ့လေးက “ငါကတော့ မကြောက်ဘူးကွာ၊ ဖြစ်လာသမျှကို ရင်ဆိုင်မယ်၊ မြေကြီးထဲကနေထိုးထွက်လိုက်မယ်၊ အဲဒီလိုထိုးထွက်လိုက်ရင် အပြင် လောကကြီးကိုမြင်ရမှာကွ”
ပထမသစ်စေ့လေးကပြန်ပြီး “မင်းကလည်းကွာ အပြင်လောကကြီးကို မြင်ရတာက နောက် အရင်ဆုံး နေရောင်ခြည်စူးစူးကြီးနဲ့ ရင်ဆိုင်ရမှာကွ”လို့်ပြောပြန်တယ်၊
ဒီလိုနဲ့ ဒုတိယသစ်စေ့လေးဟာ ရဲရဲဝံ့ဝံ့နဲ့ အညှောင့်လေးထွက်ပြီး၊ အပင်အဖြစ်ရပ် တည်လိုက်ပါတယ်၊ တဖြေးဖြေးနဲ့ အကိုင်းအခက်တွေနဲ့ ဝေစည်လာပါတယ်၊
ပထမသစ်စေ့လေးကတော့ ကြောက်တာနဲ့ မြေကြီးထဲမှာ ငုံ့အောင်းနေပါတယ်၊ မကြာခင် အစာရှာလာတဲ့ ကြက်မိသားစုတစ်စုက သူကိုတွေ့ပြီး တောက်ကနဲ့ ကောက်ခါ စားသွားတာခံလိုက်ရပါတော့တယ်၊
ဒါကဖတ်ဖူးတဲ့ နှလုံးသားအာဟာရထဲက ပုံပြင်လေးတစ်ပုဒ်ကို မှတ်မိသလောက် ပြန်ပြောပြလိုက်တာပါ၊ အလုပ်တစ်ခုကတော့ မလုပ်ပဲနဲ့ စဉ်းစားနေရင် အကောင်အ ထည်ပေါ်လာမှာ အဟုတ်ပါဘူး၊ ထလုပ်လိုက်တာကမှ အမှားနဲ့အမှန် အကောင်းနဲ့ အ ဆိုး တစ်မျိုးမျိုးတော့ ထွက်လာမှာပေါ့၊ ဒါပေမဲ့ မလုပ်ခင်စဉ်းစားဘို့တော့ လိုတာပေါ့ လေ၊ စဉ်းစားပြီးရင်တော့ လုပ်ဖြစ်အောင်ထလုပ်လိုက်တာ အကောင်းဆုံးပါ၊
ဆိုကရေးတီးကတောင် အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး” မိန်းမတစ်ယောက်ကို လက်ထပ်ဖြစ်အောင် လက်ထပ်လိုက်ပါ၊ ကောင်းတဲ့ မိန်းမနဲ့လက်တွဲရရင် အဖော် ကောင်းရတာပေါ့၊ ဆိုးတဲ့မိန်းမနဲ့တွေ့ရင် ဘဝအတွက်သင်္ခန်းစာရတာပေါ့”လို့ ပြောဆိုခဲ့ ပါသေးတယ်၊
ဒါကလည်း အိမ်ထောင်ပြုမဲ့အလုပ်ကို တွန့်ဆုတ်တွန့်ဆုတ်လုပ်နေမှာစိုးတဲ့အတွက် အားပေးထားတဲ့ အတွေးစကားလေးဖြစ်မယ်ထင်ပါတယ်၊
ဒီနေရာမှာ စပ်မိတာလေးပြောချင်ပါသေးတယ်၊ ဆရာကြီးမန်းတက္ကသိုလ်ဆန်း ထွန်းကတော့ “မိန်းမဟူဘိ၊ ထိုဣတ္ထိကား၊ မရှိမကောင်း၊ရှိမကောင်းတည့်၊မပေါင်းလည်းခက်၊ ပေါင်းလည်းခက်” ဆိုတဲ့ မဃဒေဝလင်္ကာကို ဒီလိုတွေးပါသတဲ့၊” အင်း မိန်းမဟာ မရှိတော့လည်းမကောင်းဘူး၊ ရှိတော့လည်းမကောင်းဘူး၊ ဒါဆိုရင် ရှိပြီးပေါင်းကာအတူနေတာက ကောင်းဦးမယ်ထင်တယ်”လို့တွေးကာအိမ်ထောင် ပြုပါသတဲ့၊
ဒါကလောကမှာ ဖြစ်တတ်တာလေးတွေပြောကြည့်တာပါ၊ တစ်ချို့က တွေးကြည့် တာနဲ့ မလုပ်ဖြစ်တော့ပဲကြောက်နေတတ်လို့ပါ၊ တကယ်လုပ်ကြည့်ပြီးမှာ မှားလားမှန် လားဆုံးဖြတ်တာ ကောင်းမယ်ထင်ပါတယ်၊ ဒါပေမဲ့ တစ်ချို့ကိစ္စတွေကတော့ တွေး ကြည့်ယုံနဲ့ အမှားလား အမှန်လားဆိုတာ ကွဲပြားခြားနားပါတယ်၊အဲဒီလိုအရာမျိုးဆိုရင် တော့ ဝေးဝေးကရှောင်ရမှာပါ၊
တကယ်မကြောက်မရွံ့နောက်မတွန့်ပဲလုပ်ရမှာတွေက ကုသိုလ်ကောင်းမှုအစုစု တွေပါ၊ များသောအားဖြင့် ကုသိုလ်လုပ်ရမှာကြရင် စိတ်ကတွန့်ဆုတ်နေတတ်ကြပါ တယ်၊ ဒါကိုသိလို့ မြတ်စွာဘုရားကလဲ-------------------------
အဘိတ္ထရေထ ကလျာဏေ၊ ပါပါ စိတ္တံ နိဝါရယေ၊
ဒန္ဒံ ဟိ ကရောတော ပုညံ၊ ပါပသ္မိံ ရမတိ မနော။ ။
“ စိတ်ဆိုတာ မကောင်းမှုမှာ ပျော်တတ်တယ်၊ ကောင်းမှုလုပ်ရတာကျ နှေးတတ်တယ်၊ ဒါကြောင့် ကုသိုလ်ကောင်းမှုတွေကို မြန်မြန်လုပ်ပါ၊ များများလုပ်ပါ” လို့ ဟောတော်မူခဲ့တာပါ၊
ဒါကြောင့် စာဖတ်သူများလည်း ကောင်းမှုနဲ့ ပတ်သက်တဲ့ အတွေးလေးများပေါ်လာရင် လက်တွေ့ထလုပ်ဖြစ်အောင်လုပ်ပါနော်၊ မလုပ်မိရင်တော့ စာဖတ်သူတို့ရဲ့ ကောင်းတဲ့ အတွေးလေးတွေကို မကောင်းတဲ့ ကြက်တစ်အုပ်စုကလာရောက်ကောက် ယူစားသုံးသွားတာခံရလိမ့်မယ်လို့ ထင်မိပါကြောင်း၊
No comments:
Post a Comment