Sunday, 22 July 2012

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ (၂)


မနေ့က စာဖတ်သူတွေကို လိမ်ပြောတာနဲ့ ပတ်သက်ပြီးသင့်သိထိုက်တဲ့ စေတီယဇာတ် တော်လေးကိုပြောပြခဲ့ပါတယ်၊ အဲဒီဇာတ်တော်ထဲမှာ ဥပ၀ရမင်းဟာ လိမ်ပြောလို့ အ၀ီစီ ငရဲကိုရောက်သွားပါတယ်လို့ ရေးပြခဲ့ပါတယ်၊ တကယ်တော့ အဲဒီလိုအပြစ်ကြီးဖြစ်ရတာ ဟာအဲဒီအချိန်အခါက လိမ်ပြောတဲ့သူကမရှိသေးတော့ အပြစ်ကအရမ်းကြီးပြီး အ၀ီစိငရဲ ကိုရောက်သွားရတာပါ၊ ဥပမာပြောပြရရင်တော့ အရမ်းဖြူနေတဲ့ လက်ကိုင်ပုဝါလေးကို ညစ်ပတ်စုတ်ပေနေတဲ့ လက်နဲ့ကိုင်လိုက်တဲ့အခါ ဖြူစင်မှုတွေပျောက်သွားပြီး အမဲကွက် တွေသာ ထင်ထင်ရှားရှားသလိုပါ၊
   
လိမ်ပြောတာဟာ ပါးစပ်နဲ့တင်မဟုတ်ပါဘူး၊ စာနဲ့ရေးပြောတာ၊လက်ဟန်ခြေဟန် နဲ့ပြောတာတွေဟာလည်း အပြစ်ဖြစ်ပါတယ်၊ ဒါပေမဲ့ လိမ်ပြောတိုင်းတော့အပြစ် မဖြစ် ပါဘူး၊ ကိုယ်လိမ်ပြောလိုက်လို့ တဖက်သားမှာ အရမ်းထိခိုက်နစ်နာသွားရင်သာ ငရဲထိရောက်ရတဲ့ အပြစ်ဖြစ်တာပါ၊ ကိုယ့်မှာရှိတဲ့ ပစ္စည်းလေးလာငှားရင် မပေးချင်လို့ တကယ်ရှိနေရဲ့သားနဲ့ မရှိဘူးလို့လိမ်ပြောတာ၊ သူများကိုမထိခိုက်စေပဲ အပြစ်ပေခံရမှာ ကြောက်လို့ လိမ်ပြောတာ၊ မိဘဖြစ်သူများက သားသမီးတွေကို အန္တရာယ်ရှိမဲ့နေရာတွေ မသွားစေချင်လို့လိမ်ပြောတာစတဲ့ မုသားတွေကြတော့ ပြောပလောက်အောင်အပြစ်မ ဖြစ်ပါဘူး၊ ပြောရရင်တော့ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိဆိုတဲ့ သိက္ခာပုဒ် တော့ ပျက်ပါတယ်၊
   
လိမ်ပြောတဲ့သူတွေရရှိမဲ့ အပြစ်လေးတွေကို တောင်မြို့ဆရာတော်ကြီးက ယခုလို“ မုသားစကား ပြောဆိုငြားမူ၊ စကားမပီ၊ သွားမညီတည်း၊ ပုတ်ညှီပါးစပ်၊ ခြောက်ကပ် ကိုယ်ရေ၊ ဣနြေ္ဒနောက်၊ ပုံယွင်းဖောက်၏၊ မရောက်သြဇာ၊ နှုတ်လျှာ်ကြမ်းထော်၊ လျှပ် ပေါ်လော်လီ စိတ်မတည်သည်..ရှောင်ကြဉ်အပြန်အကြိုးတည်း”လို့ အများနည်းလည် လွယ်အောင်လင်္ကာလေးစပ်ဆိုထားပါတယ်၊
   
အဓိပ္ပါယ်ကတော့ အရင်ဘ၀တွေက လိမ်လည်ညာပြောခဲ့တာ များတဲ့သူဟာ ယခုလက်ရှိ ဘ၀မှာ-(၁) စကားပီပီသသမပြောတတ်ပါဘူး၊
    (၂)သွားတွေမညီပါဘူး၊
    (၃) ပါးစပ်ကလည်း အာပုတ်နံ့တွေ နံနေတတ်ပါတယ်၊
    (၄) အသားအရည်ကြည့်လိုက်ပြန်တော့လည်း ခြောက်ကပ်နေတတ်ပါတယ်၊
    (၅) မျက်စိတွေနားတွေကလည်း လူတိုင်းနဲ့မတူ မလှမပဖြစ်နေတတ်ပါတယ်၊
    (၆)ဥပဓိရုပ်ကိုကြည့်ရင်လည်း အော့ကြောလန်ချင်စရာဖြစ်နေတတ်ပါတယ်၊
    (၇)ကိုယ်ရဲ့စကားတွေနဲ့ သူများအပေါ်ဘယ်တော့မှ သြဇာပေးလို့မရပါဘူး၊
    (ဂ) စကားပြောရင် နှုတ်ကြမ်းအာကြမ်းနဲ့ပြောတတ်ပါတယ်၊
    (၉)စိတ်တွေလဲ ဘယ်တော့မှမတည်ငြိမ်ပါဘူး၊

ဒါကလိမ်ပြောခဲ့တဲ့ သူတွေရရှိမဲ့ အကျိုးတရားလေးတွေပါ၊ ပြောရရင်တော့လိမ်ပြောတဲ့ သူဟာ ဘယ်တော့မှ အကြီးအကဲမဖြစ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းကသူ့ကို ယုံကြည့်မှုမရှိတော့လို့ပါပဲ၊
   
ပြောခဲ့တာလေးတွေက လိမ်ပြောတဲ့သူတွေမှာ ရရှိမဲ့အကျိုး တရားလေးတွေပါ၊ နောက်ပြီး ဒီမှာဘ၀မှာပဲ ကိုယ့်ကိုယ်ကို မှန်ထဲပြန်ကြီး ကောက်ချက် ချနိုင်ပါတယ်၊ ဥပမာကိုယ့်ရဲ့ ပါးစပ်လေးကိုဖြဲပြီး သွားလေးတွေပုလဲလုံးလေးတွေလို စီနေသလား ကြို့တို့ကြဲတဲ သွားခေါခေါလားဆိုတာ ကြည့်လို့ရပါတယ်၊ သွားတွေမညီမညာပဲ ကြိုတို့ ကြဲတဲ သွားခေါလေးဆိုရင် သေချာပါတယ်၊ အရင်ဘ၀တွေက မုသားတွေ လိမ်ညာစကားတွေ တော်တော်ပြောခဲ့တယ်ဆိုတာလေ၊ နောက်ကိုယ်ပြောတဲ့ စကားလုံး တွေက လေးလုံးမကွဲရင်လည်း သေချာပါတယ် ၊ဒါလည်းလိမ်ညာပြောတာတွေများခဲ့လို့ ပါ၊ နောက်တစ်ခု သွားတွေကိုနေ့စဉ်တိုက်ရဲ့သားနဲ့ အာပုတ်နံတွေလှိုင်ဝေနေရင် သေ ချာတာပေါ့ အလိမ်အညာပါရမီးရှင်ကြီးဖြစ်ခဲ့လို့ပါပဲ၊ လိုရှင်းတွေလိမ်း၊ ပေါင်းတွေတင်ပေ မဲ့ ကိုယ်ရဲ့အသားအရည်ဟာ မွဲခြောက်နေရင်လည်း အရင့်အရင်ဘ၀ဘ၀များစွာက လိမ်ညာခဲ့လို့ပါ၊ မျက်စိကတောင်တစ်လုံး မြောက်တစ်လုံး၊ နားကြတော့ အထက် အောက်မညီ ကန့်လန့်တွေဖြစ်နေရင်လည်း မုသားသစ္စာသုံးခဲ့လို့ပါ၊ ကိုယ်ရုပ်ကိုကို မှန် ထဲမကြည့်ရဲလောက်ဖြစ်ပြီး ကိုယ်ပြောလိုက်တဲ့ စကားကိုဘယ်သူကမှ လူမလေးခွေးမ ခန့်လုပ်နေရင်လည်း သေချာတာပေါ့ ဒါလည်းအရင်ဘ၀တွေက လိမ်ညာခဲ့လို့ပါပဲ၊ နောက်တစ်ခု အမြဲတမ်းစိတ်တွေလေနေပြီး မူမမှန်ရင်လည်း လိမ်ညာပြောခဲ့လို့ပါပဲ၊
   
လိမ်တာညာတာဟာ ပြောတော့သာပါးစပ်ကလေးနဲ့ ဘာမှမဟုတ်တာနော်၊ ခံရမဲ့ အပြစ်တွေက အများသား၊ ဘယ်သူမှလည်း ခုလိုမလှမပ ဂွကျကျကြီးနေချင်ကြမယ်မ ထင်ပါဘူး၊ အဆိုးဆုံးကတော့ လူတိုင်းဟာကိုယ်ပြောလိုက်ရင် ဟိတ်ဆိုဟိတ် တိတ်ဆို တိတ်မှကြိုက်ကြတာလေ ဒါပေမဲ့ ကိုယ်ကမုသားတွေလိမ်ညာမှုတွေပြုခဲ့တဲ့ကံပါလာရင် ဘယ်လိုလုပ်တိတ်တော့မလဲ ဘယ်လိုလုပ်ဟိတ်တော့မလဲ၊
   
    ဒါကြောင့် စာဖတ်သူရေ ဥပဓိရုပ်ခန့်ခန့်ချောချောလေးနဲ့ ကိုယ်ပြောသမျှစကား တွေအရာထင်အောင် ခုချိန်ကစပြီး မုသားသစ္စာအလိမ်အညာတွေလျှော့လိုက်ကြပါစို့လား၊  ယခုစာဖတ်ပြီးချိန်ကစပြီး စာဖတ်သူအားလုံး အလိမ်အညာဘေးမှ ကင်းဝေးကြပါစေ။ ။

ရွှေမန်းသား ( အရှင်အင်္ကုရ)

No comments:

Post a Comment