ဒီနေ့(14.10.2011) မနက်မှာ အိပ်ယာနိုးတော့ ကော်ဖီဖျော်ပြီးသောက်မယ်လုပ်တော့ ကော်ဖီမစ်က ကုန်နေတာတွေ့တယ်၊ ဘယ်သူငယ်ချင်းဆီကများ ကော်ဖီမစ်ချေး သောက်ရမလဲလို့ စဉ်းစားနေတုန်း၊ မန္တလေးနာယကဆရာတော်က စင်္ကာပူ ဒါနသီရိ လင်္ကာအသင်းက လှူလိုက်တဲ့ကော်ဖီမစ်တွေရောက်နေပြီ၊ အဲဒါတစ်ပါးတစ်ထုပ်လာယူ ပါလို့ ဖုန်းဆက်လို့ ရေငတ်နေသူ ရေတွင်းကျသလိုအဆင်ပြေသွားပါတယ်၊
စာရေးသူတို့ကျောင်းတက်နေတဲ့ သီရိလင်္ကာနိုင်ငံဟာ ကျွန်းနိုင်ငံလေးဖြစ်တာကြောင့် စားသောက်ကုန်၊ အ၀တ်အထည်တွေဟာ အစစအရာရာဈေးကြီးပါတယ်၊ ကော်ဖီမစ်ဆို ရင်လဲ မြန်မာနိုင်ငံထက်တစ်ထုပ်ကို သုံးဆလောက်ပေးဝယ်သောက်ရပါတယ်၊ ဒါ ကြောင့် ဒီမှာကျောင်းတက်နေတဲ့ စာသင်သားကျောင်းသားတွေအတွက် ကော်ဖီမစ်ဟာ ရွှေလိုတန်ဖိုးထားရတဲ့ အရာတစ်ခုပါ၊
နာယဆရာတော်ဆီက ယူလာတဲ့ကော်ဖီးမစ်ထုတ်လေးဖောက်လိုက်ပါတယ်။ ဆေးထား တဲ့မတ်ခွက်လေးထဲ ကော်ဖီမစ်လေးတွေ တရိုတသေထည့်လိုက်ပါတယ်၊ တည်ထားတဲ့ လျှပ်စစ်ရေနွေးအိုးထဲက ရေနွေးပူပူလေးတွေကို ခွက်တစ်ဝက်လောက်ရောက်အောင် ဂရုတစိုက် လောင်းထည့်လိုက်ပါတယ်၊ ရေနွေးနဲ့ထိတွေ့သွားတဲ့ ကော်ဖီမစ်မှုံ့လေ တွေ ဟာ အရည်ပျော်ပြီး ကော်ဖီမစ်ရနံ့သင်းသင်းလေးက နှာခေါင်းဝဆီဝေ့တက်လာပါတယ်၊
သမသွားအောင် ကော်ဖီမစ်အခွန်အိပ်လေးကို ခေါက်ချိုးချိုးပြီး ခွက်ထဲထည့်ကာ မွှေ လိုက်ပါတယ်၊ မွှေလိုက်မှ ရနံ့ကပိုသင်းပျံ့လာပါတယ်၊ မွှေးပျံ့တဲ့ကော်ဖီရနံ့က နှာခေါင်း ၀ကို ခဏခဏလာ ခလုပ်တိုက်တာကြောင့် ဦးနှောက်ကနိုးကြားလာပြီး ရင်ထဲက ရသတဏှာဟာ မသိမသာကနေ သိသိသာသာ ထကြွလို့လာပါတယ်၊
အားလုံးမွှေပြီးလို့ ခုံပေါ်ကနေကော်ဖီခွက်လေးကို သောက်မလို့ဆွဲယူလိုက်ပါတယ်၊ ဒီ အချိန်မှာ မထင်မှတ်ပဲ ခုံစောင်းနဲ့ထိပြီး ကော်ဖီခွက်လေးဟာ တစ်ဝက်ကျော်ကျော် အောက်ကို မှောက်သွားပါတယ်၊
ပါးစပ်ဝရောက်ခါနီမှ မှောက်ကျသွားတဲ့ကော်ဖီခွက်ကို သေသေချာချာမကိုင်မိတဲ့ ကိုယ်ကိုယ်ကိုစိတ်တိုရမှာလား မှောက်ကျသွားတဲ့ တစ်ဝက်ကျော်ကျော်ကော်ဖီလေး တွေကို နှမြောဝမ်းနည်းနေရမှာလား၊ ဝေခွဲမရစွာနဲ့ စိတ်ထဲမှာ ဟာတာတာကြီး ဖြစ်သွား ပါတယ်၊
စာဖတ်သူတွေလဲ စာရေးသူလို ကော်ဖီခွက်လေးတွေ တစ်နေရာမဟုတ် တစ်နေရာ တစ်ခါမဟုတ် တစ်ခါတော့ မှောက်ကျဖူးကြမှာပါ၊ အဲဒီအချိန်အခါတုန်းက စာဖတ်သူတို့ ရင်ထဲမှာ ဘယ်လိုများခံစားဖူးခဲ့ပါလဲ သိချင်လိုက်တာ၊
မြတ်စွာဘုရားကတော့ ဟောထားခဲ့ဖူးပါတယ်၊”ဘိဇ္ဇန ဓမ္မော ဘိဇ္ဇတိ၊ နဿန ဓမ္မော နဿတိ-ကွဲတတ်တဲ့ တရားတွေဟာ ကွဲရမှာပဲ၊ ပျက်ဆီးတတ်တဲ့ တရားတွေဟာ ပျက် ဆီးရမှာပါပဲ”တဲ့၊ ဒါပေမဲ့ မပျက်ဆီးခင် မကြေကွဲခင်တော့ မပျက်ဆီးမကျေကွဲအောင် စည်းကမ်းလေးနဲ့ ထိမ်းသိမ်းရမှာပေါ့၊
အဲဒီလိုလေး ရင်ထဲအသိလေးဝင်လာတော့ မှောက်ကျသွားတဲ့ကော်ဖီတွေအပေါ် နှမြော တာဒေါသထွက်တာ နဲနဲပြေလာပါတယ်၊
နောက်တစ်ခါ ကော်ဖီခွက်လေးထဲငုံ့ကြည့်လိုက်တော့ ကောဖီတွေတစ်ဝက်နီးနီးကျန်နေ သေးတာ သွားတွေ့ပါတယ်၊ အဲဒီကျမှ”အော်ငါနှယ် မှောက်ကျသွားတာကို လိုက်ကြည့် ပြီး စိတ်တိုဒေါသနှမြောပြနေတယ်၊ ဒီမှာသောက်ဖို့ကျန်သေးသားပဲ” ဆိုတာကို သွားသ တိရမိပါတယ်၊
တစ်ခါ အော် မြတ်စွာဘုရားက ရောင်ရဲရမယ် ဆိုတာ= မရတာ ကုန်ဆုံးသွား တာကို တမ်းတ၀မ်းနည်းမနေပဲ ၊ ယခုလက်ရှိ လက်ထဲက အရာလေးနဲ့ သာ နေထိုင်ကျေနပ်နိုင်တာကို ပြောတာနေမယ်လို့ မင်္ဂလာတရားတောကို နဲနဲ သဘောပေါက်စပြု လာပါတယ်၊ ဒီလိုတွေလိုက်မိတော့ စိတ်ကနဲနဲငြိမ်းချမ်း စပြုလာ ပါ တယ်၊
စာဖတ်သူတို့လဲ ဘ၀မှာ ကော်ဖီခွက်လေးတွေထက် တန်းဖိုးထားရတဲ့ အရာတွေမှောက် ကျ ကြေကွဲဆုံးရှုံးကြဖူးမှာပါ၊ ဒါဆိုရင် ကြေကွဲဝမ်းနဲမနေမိဖို့ ဘယ်လိုနှလုံးသွင်းကြမလဲ၊
စာရေးသူတွေးသလိုလေး တွေးကြည့်ပါလို့ မေတ္တာနဲ့မှာကြားလိုက်ပါရစေ၊ ဒီလိုလေး တွေးနေမိရင် မှောက်ကျသွားတဲ့ကော်ဖီလေးတွေမပေါ်၊ ပြောက်ရှသွားတဲ့ တန်ဖိုးထား ချစ်ခင်ရတဲ့ အရာဝတ္ထုတွေအပေါ်မှာ ခွင့်လွှတ်စိတ်နဲ့နေနိုင်ပြီး ငြိမ်းချမ်းလာလိမ့်မယ်လို့ ထင်မိပါကြောင်း ။ ။
ရွှေမန်းသား ( အရွင္အကုၤရ)
No comments:
Post a Comment