Wednesday, 25 July 2012

၁၅ မိနစ်လောက် အချိန်လေးပေးပါ (၂)


 
ဟိုတစ်နေ့က (၁၅)မိနစ်လောက် အချိန်လေးပေးပါဆိုတဲ့ ပို့စ်လေးတင်အပြီးမှာ စာဖတ်သူတစ် ယောက်က လျှောက်ထားလာပါတယ်၊ သူက အမြဲတမ်းသွားလာလှုပ်ရှားနေရတာ များပါတယ်တဲ့ ဒါကြောင့် သွားရင်လာရင်းနဲ့ မှတ်လို့ရမဲနည်းလေးများရှိရင်ပြောပြပေးပါ လို့ တောင်းဆိုလာပါတယ်၊
 
 
          ဒါကြောင့် ခုအဲဒီလိုအမြဲတမ်းသွားလာလှုပ်ရှားနေတဲ့ စာဖတ်သူများ အဆင်ပြေဖို့ သွားရင်းလာ ရင်းနဲ့မှတ်လို့ရမဲ့နည်းလေးကိုပြောပြချင်ပါသေးတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ၀င်လေထွက်လေရှု မှတ်တာက သွားလာလှုပ်ရှားနေတဲ့အချိန်မှာ ရှုမှတ်ရတာ အဆင်ပြေနိုင်ဘူးမို့လား၊ ဒါဆိုရင် သွားရင်းနဲ့ ဘယ်လိုရှုမှတ်ကြမလဲ ပထမဆုံးတော့ ဘယ်ဘက်ခြေလှမ်း စလှမ်းတာကနေ ဘယ်လှမ်းတယ်၊နောက် ညာခြေလေးလှမ်းတာကို ညာလှမ်းတယ်လို့ မှတ်တတ်ရင်ပဲ အဆင်ပြေပါပြီ၊ အောင်မလေး ဒါများလွယ် 
 
လွယ်လေးလို့တော့ မထင်လိုက်ပါနဲ့နော်၊ မှတ်စမှာ ခြေလှမ်းတွေက ဘယ်ညာမှန်နေပမဲ့ နည်းနည်းကြာလာ တဲ့အခါ ဘယ်နဲ့ညာနဲ့ ကမှားသွားတာပါ၊ ဒါကြောင့် သွားရင်းနဲ့သွားနေတဲ့အခိုက်မှာ ခြေထောက်လေးတွေပေါ်မှာ စိတ်ကပို့ထားပြီး ဘယ်လှမ်းတယ် ညာလှမ်းတယ်လို့ စမ်းမှတ်ကြည့် ပါနော်၊ မှတ်တဲ့အခါ ကိုယ်ကရိပ်သာထဲမှာလိုအေးအေးဆေးဆေးမှ မဟုတ်တာ ပုံမှန်လမ်းလျှောက် သလိုမှတ်သွားမယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်၊
 
 
          အဲဒီကနေတဆင့်တက်ချင်ရင်တော့ ခြေထောက်လေးကြွတဲ့အခါကို ကြွတယ်၊ ချ တဲ့အခါကို ချတယ်လို့မှတ်ကြည့်ပါ ဒါပေမဲ့ ဒီလိုမှတ်တာကလည်း ဘယ်လှမ်းတယ် ညာလှမ်းတယ်ဆိုတဲ့ သင်္ခန်း စာကို မကျေညက်ခဲ့ရင် လှမ်းရတာသွားရတာတွေက အမှားမှား အယွင်းယွင်းနဲ့ အနေခက်စေပါတယ်၊ 
 
ဒါကြောင့်အစကတည်းက ကြေညက်အောင် လေ့ကျင့်စေချင်ပါတယ်၊ နောက်တစ်ခါ ကြွတယ် ချတယ် ဆိုတာလေး ကြေညက်သွားရင် ခြေ ထောက်လေးတွေကြွနေတဲ့အခါ လှမ်းနေတဲ့အခါ ချနေတဲ့အခါ အဲဒီသုံးချက်ကို ကြွတယ်၊ လှမ်းတယ်၊ ချတယ်လို့ မှတ်ရပါမယ်၊ ဒီနောက်ဆုံးနည်းကတော့ ခက်လည်းတော်တော်ခက်ပြီး မှတ်ရတာလည်းလက်ဝင်ပါတယ်၊ ဒါပေမဲ့ ကျင့်ပါများရင် တော့ကျွမ်း ကျင်သွားမယ်ထင်ပါတယ်၊
 
 
          စာဖတ်သူကမေးပါလိမ့်မယ် အဲဒီလိုမှတ်တာဟာ ဘာအကျိုးရှိပါသလဲလို့၊ အကျိုးရှိပါသော် ကောစာဖတ်သူရယ် အဲဒီလိုစင်္ကြံလမ်းလျှောက်ပြီးရထားတဲ့ စိတ်တည်ငြိမ်မှုဟာ ထိုင်ပြီးရထားတဲ့ စိတ်တည်ငြိမ်းမှုထက် ပိုပြီးတော့စိတ်ချရ ပိုပြီးတော့ခိုင်မြဲပါသတဲ့၊ 
 
စိတ်တွေတည်ငြိမ်းလာရင် “စိတ်သာရှင်စော ဘုရားဟော”ဆိုတဲ့အတိုင်း စိတ်စေရာ ဖြစ်လာနိုင်မှာပါ၊ ဒါကြောင့်အိမ်ကနေ ဘတ်(စ်)ကားမှတ်တိုင်ကို လှမ်းလျှောက်သွားရတဲ့အခါ၊ ဘတ်(စ်)ကားမှတ်တိုင်ကနေ အိမ်ကိုလမ်း လျှောက်ပြန်လာရတဲ့အခါတွေမှာ ဒီနည်းလေးတွေကို စမ်းကြည့်စမ်းကြည့်စေချင်ပါတယ်၊ စမ်းကြည့်ပါ လို့ပြောတာက အဲဒီလိုစမ်းကြည့်လို့ ပိုက်ဆံလည်းမကုန် လူလည်းမပင်ပန်းပဲနဲ့ အလကားနေရင်း ကုသိုလ်တွေ တစ်လှေကြီးရနေမှာမို့ပါ၊
 
 
          တစ်ချို့ကထင်ကြပါတယ်၊ ပိုက်ဆံတွေသိန်းချီသောင်းချီးလှူဒါန်းမှ ကုသိုလ်တွေအများကြီးရ တယ်လို့လေ၊ အဲဒါ မှားပါတယ်စာဖတ်သူရယ်၊ ပိုက်ဆံမကုန်ရပဲ ကုသိုလ်တွေ အများကြီးရနိုင် စရာနည်းလမ်းတွေအများကြီးရှိနေပါတယ်၊
 
 တကယ့်တကယ်က ပေးလှူဒါနပြုတာထက် သီလ ဆောက်တည်တာက ပိုပြီးတန်ဖိုးကြီးတဲ့ ကုသိုလ်တွေရပါတယ်၊ နောက် သီလဆောက်တည်တာထက် ဘာဝနာပွားများ ၀ိပဿနာတရားအားထုတ်တာက ပိုပြီးတော့ကုသိုလ်တွေအများကြီးရတာပါ၊ 
 
ဒီလို ပြောလို့ ပေးလှူတာတွေမလုပ်ရတော့ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးနော်၊ ပေးလှူမှ ပစ္စည်းဥစ္စာပေါမယ် အခြံအရံတွေများမယ်၊ အဲဒီလိုပေါများပါမှ သီလတွေကို ကောင်းကောင်းစောက်တည်နိုင်မယ်လေ၊ အဲဒီလိုသီလတွေ စောင့်စည်းနိုင်မှ ၀ိပဿနာဘာဝနာတရားကို ကောင်းကောင်းပွားများနိုင်မယ်မို့လား၊
 
 
          ဒါကြောင့်တစ်ဆင့်ခြင်းလေးသွားပြီး အဆင့်ဆင့်မြင့်သွားနိုင်အောင် ကြိုးစားကြည့်ပါနော်၊ အဲဒီလိုကြိုးစားမယ်ဆိုရင် စာဖတ်သူလှမ်းနေတဲ့ခြေလှမ်းတိုင်းဟာ ခြေတစ်လှမ်းကုဋေတစ်သန်းမက တန်ဖိုးရှိနေမှာပါ။ ။
 
ရွှေမန်းသား ( အရွင္အကုၤရ)

No comments:

Post a Comment