Monday, 23 July 2012

ဗုဒ္ဓ၀င်က ပေးသော အတွေးများ (၂)



ဘုရားအလောင်း သုမေဓာရှင်ရသေ့သည် ဈာန်အဘိညာဉ်ရ၍ ကောင်းကင်ခရီးဖြင့် ကြွ သွားစဉ် ဒီပင်္ကရာမြတ်စွာဘုရား ကြွလာတော်မူရန် “ရမ္မာ”မြို့သူမြို့သားများ လမ်းပြင် နေသည်ကိုမြင်သည်၊ ထိုအခါ ကောင်းကင်မှဆင်းသက်ကာ နေရာတစ်ကွက်ကိုတောင်း ယူကာ လမ်းပြင်ဆင်လေသည်၊ လမ်းပြင်ဆင်နေတုန်းမှာပင် ရဟန္တာများနှင့်အတူဘုရား ရှင်ကြွလာတော်မူသောကြောင့် ပြင်၍မပြီးသေးသော ရွှံညွှန်ပေါ်မှာ မိမိကိုယ်ကို တံတား ခင်းကာ မှောက်စင်းနေလေသည်၊
   
ထိုအချိန်မှာ “သုမိတ္တာ”အမည်ရသော အမျိုးသမီးကလည်း ကြာပန်းရှစ်စည်းတွင် ငါးစည်းကို ဘုရားရှင်အားလှူဖို့ရန် ရသေ့၏လက်သို့ ကမ်းလှမ်း၍ သုံးစည်းကို မိမိကိုယ် တိုင်လှူလေသည်၊ ဘုရှားရှင်သည်ထိုသူနှစ်ယောက်၏ နောင်ရေးနောင်တာကို ဆင်ခြင် တော်မူကာ “ဤရသေ့သည် ဂေါတမဘုရားဖြစ်လိမ့်မည်၊ ဤအမျိုးသမီးကား ပါရမီဖြည့် ဘက်ဖြစ်လိမ့်မည်”ဟု ဗျာဒိပ်ပေးလေသည်၊
   
အထက်ပါစာလေးတွေကတော့ သုမေဓာသူဌေးသားလေး တောထွက်ပြီး ဈာန်အ ဘိညာဉ်တွေရတဲ့ကာလမှာ လုပ်ဆောင်ခဲ့တဲ့လုပ်ရပ်တွေနဲ့ ဒီပင်္ကရာမြတ်စွာဘုရားရှင် ထံက ဘုရားဖြစ်မယ်ဆိုတဲ့ ဗျာဒိပ်ရတဲ့ အခန်းလေးပါ၊ ဗျာဒိပ်ဆိုတာကတော့ နောက်ဖြစ် မဲ့ဘ၀ကို ကြိုတင်ပြောပြခြင်းပါ၊ ဒီနေရာမှာ သုမေဓာရှင်ရသေ့လေးဟာ လမ်းပြင်နေ တုန်းဝုန်းဆို ဒီပင်္ကရာဘုရားရှင်နဲ့ သံဃာတော်တွေကကြွလာကြတော့ လမ်းပြင်တာ တစ်ဝက်တပျက်ဖြစ်နေပါတယ်၊ ဈာန်အဘိညာဉ်ရနေတဲ့ ရသေ့တစ်ပါးအနေနဲ့ တန်ခိုးနဲ့ “အပ်ချလောင်းပြီးစေသတည်း”ဆိုရင် လမ်းကတစ်ခါတည်းပြီးသွားမှာပါ၊ ဒါပေမဲ့ တန်ခိုး နဲ့မလုပ်ပဲ ကိုယ်တိုင်တံတားခင်းပြီး ကုသိုလ်ယူခဲ့ပါတယ်၊
   
    ပြောရရင် မြတ်စွာဘုရားသခင်ဟာ အလောင်းတော်ဘ၀မှာကတည်းက တန်းခိုး နဲ့စွမ်းအားပြတာကို အားမပေးခဲ့ပါဘူး၊ ဂေါတမဘုရားရှင်ရယ်လို့ ထင်ထင်ရှားရှားဖြစ် လာတဲ့အခါမှာလည်း တန်းခိုးနဲ့အစွမ်းပြတာတွေကိုပယ်ချခဲ့ပါတယ်၊
   
တစ်ခါမှာ မြတ်စွာဘုရားရှင်နဲ့သံဃာတော်တွေဟာ ဝေရဉ္ဇာမြို့မှာဝါဆိုနေပါတယ် အဲဒီမြို့မှာ တစ်ဝါတွင်းလုံး ဆွမ်းခက်ခဲပြီး မြင်းတွေကျွေးတဲ့ မုယောဆန်ကြမ်းတွေကို  ဘုန်းပေးသုံးဆောင်ရပါတယ်၊ ဒါကိုမကြည့်ရက်တဲ့ အရှင်မောဂ္ဂလာန်မထေရ်မြတ်ကြီး က တပည့်တော်ရဲ့တန်ခိုးနဲ့ မြေကြီးကိုပြောင်းပြန်လှန်ပြီး မြေဆီထောပတ်တွေကိုယူ ဆောင်ကာသံဃာတော်တွေကို လုပ်ကျွေးပါရစေဘုရားလို့ ခွင့်တောင်တာတောင် ခွင့်မ ပြုခဲ့ပါဘူး၊ တန်ခိုးနဲ့လုပ်တဲ့အလုပ်မို့ မြတ်စွာဘုရားက ပယ်တော်မူခဲ့ပါတယ်
   
နောက်တစ်ခါ အရှင်ပိဏ္ဍောလက တန်ခိုးပြပြီး တိတ္ထိတွေကိုအနိုင်ယူကာ သယ် ဆောင်လာတဲ့ စန္ဒကူးသပိတ်ကိုလည်း အားမပေးပဲ ရိုက်ခွဲစေခဲ့ပါတယ်၊
   
မြတ်စွာဘုရားကတန်ခိုးအဘိဥာဉ်ပြတာတွေကို ရှုတ်ချပါတယ်၊ အလောင်းတော် ဘ၀တုန်းကလဲ ရှောင်ကြဉ်ခဲ့သလို ဘုရားဖြစ်တော်မူသောအခါမှာလည်း တန်ခိုးတော် ကိုလိုအပ်တဲ့အခါမှာသာ ပြတော်မူပါတယ်၊ သာမာန်တွေးမယ်ဆိုရင် တန်ခိုးပြမယ်ဆိုရင် လူအများကြည်ညိုသဒ္ဓါပိုမပွားနိုင်ဘူးလားလို့မေးစရာရှိပါတယ်၊ တကယ်တော့ တန်ခိုးပြ တယ်ဆိုတာ တခဏပဲကောင်းတာပါတဲ့စာဖတ်သူရေ၊ နောက်ကာလကြာလာလို့ တန်ခိုး မပြနိုင်တဲ့သံဃာတော်တွေခေတ်ကြရင် လူအများသဒ္ဓါတရားခေါင်းပါးသွားမှာ ကိုကြိုမြင် လို့ မြတ်စွာဘုရားက တန်ခိုးပြတာကိုတားမြစ်ခဲ့တာပါ၊
   
ယခုခေတ်မှာ တန်ခိုးပြတဲ့ဘုရား၊ တန်ခိုးကြီးစေတီ၊ ရောင်ခြည်တော်လွှတ်တဲ့ပုထိုး တွေကို ဘုရား၊ပုထိုးစေတီဆိုပြီး တခုတ်တရဘုရားဖူးကြသူများ သတိထားစရာပါ၊ ဗုဒ္ဓ ဘာသာဝင်ဆိုနာမည်ခံထားပြီး ဘုရားရှင်မကြိုက်တဲ့အားမပေးတဲ့ တန်ခိုးပြတာတွေ နောက်လိုက်ပါနေမယ်ဆိုရင် ငါတို့ဟာ ဗုဒ္ဓဘာသာတကယ်စစ်စစ်ဖြစ်ရဲ့လားဆိုတာစဉ်း စားစရာပါ၊ ဗုဒ္ဓဘသာဆိုတာ ဘုရားရှင်ရဲ့အဆုံအမတွေကို လိုက်နာတဲ့သူတွေကိုခေါ် တာပါ၊ ဘုရားရှင်ရဲ့အဆုံးအမတွေက သွေဖယ်နေမယ်ဆိုရင် ဘယ်လိုခေါ်နိုင်မလဲ၊
   
ဒါလေးတွေက စာရေသူတွေးမိတာလေးတွေပါ၊ စာဖတ်သူရော ခုဖော်ပြခဲ့တဲ့ ဗုဒ္ဓ ၀င်အခန်းလေးဖတ်ပြီး ဘယ်လိုများတွေးမိနေပါလဲ၊ မတွေးမိသေးရင် နဲနဲလာက်တွေး ကြည့်ပါဦးနော်။ ။

ရွှေမန်းသား  ( အရွင္အကုၤရ)
 

No comments:

Post a Comment