အဆိုတော် လေဒီဂါဂါကလည်း သူချစ်သူလုကားနဲ့ အဆက်ဖြတ်လိုက်ပြန်ပြီလို့ (12.5.2011) နေ့ကကြော်ငြာပြန်တယ်၊ မင်းသားကြီးအာနိုးကလည်း (၂၅) နှစ်တာ လက်တွဲခဲ့ ဇနီးအပေါ် သစ္စာဖောက်မိလို့ ကွဲတော့မလိုဖြစ်နေပြီတဲ့၊ မင်းသားကြီး အာနိုးဟာ ဇာတ်ကားထဲမှာ ကြမ်းတမ်းသလောက် အဲဒီလိုကွဲမယ်ပြောကွာမယ် ပြောတဲ့ သူ့ဇနီးကို တောင်းပန်တာ မျက်ရည်များတောင်လည်နေတယ်ဆိုပဲ။
ဒါက နာမည်ကြီးတွေရဲ့လူသိများတဲ့ သတင်းတွေပဲရှိပါသေးတယ်။ ကိုယ်မသိတဲ့ ကွဲသွားကြ၊ ခွါသွားကြ၊ ပြဿနာတွေဖြစ်သွားကြတဲ့ စုံတွဲတွေ ၊ အိမ်ထောင်သည်တွေ တစ်နေ့တစ်နေ့ ဘယ်လောက်တောင်များရှိနေမလဲ မသိနိုင်ပါဘူး၊
ဒါပေမဲ ချစ်ကြတဲ့ ချစ်သူတိုင်းကတော့ စချစ်လာတဲ့အချိန်မှာ ကွဲကွာဖို့ဆိုတာ စိတ်ကူးထဲတောင်ပါလာကြမယ် မထင်ပါဘူး၊ မထင်မှတ်တဲ့ အကြောင်းလေးတွေ ကြောင့် ကွဲကြ၊ ကွာကြဖြစ်ကြရတာထင်ပါတယ်။ ဖြစ်သင့်တာကတော့ မကွဲခင်မကွာခင် ကိုယ့်ချစ်သူကို ဂရုစိုက်တာအကောင်းဆုံးလို့ ထင်ပါတယ်၊ အနောက်တိုင်းက စုံတွဲတွေ အတွက် ကွဲတယ်ကွာတယ်ဆိုတာ သိပ်မထူးဆန်းပေမဲ့၊ မြန်မာလူဘောင်မှာတော့ တစ်ယောက်မကောင်းလို့ တစ်ယောက်ပြောင်းကြရင် အများတကာအလည်မှာ လက်ညိုးထိုးစရာဖြစ်ပါမယ်။
စာရေးသူစာသင်ပေးဖူးတဲ့ ရန်ကုန်က တပည့်မလေးတစ်ယောက်ကတော့ “ယောက်ျားကောင်း မောင်းမတစ်ထောင်ထားလို့ရတာတင်မဟုတ်ဘူး၊ မိန်းမကောင်းရင်လဲ ယောက်ျားတစ်ထောင် တွဲလို့ရတယ်ဆိုပြီး ရီးစားတွေထည်လဲတွဲပါတယ်။ တစ်ယောက်ကို ကိုကိုခေါ်လိုက်၊ နောက်တစ်ယောက်ကို မောင်မောင်ခေါ်လိုက်နဲ့ သူခင်မျာတစ်နေ့ တစ်နေ့ မအားရှာဘူး၊ ဒါပေမဲ့ တကယ်လက်တွဲမဲ့သူနဲ့ လက်တွဲမယ့်အချိန်မှာ သူရီးစားများခဲ့တာတွေဟာ ပြဿနာတက်ပါတော့တယ်၊
ဒါကြောင့် အကောင်းဆုံးကတော့ ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် တစ်ယောက်အပေါ်မှာ တစ်ယောက်သစ္စာရှိကြပြီး လက်တွဲတာဟာ မြန်မာလူဘောင်အ နေနဲ့ရော ကိုယ့်ဘဝအတွက်ပါ အမဲစက်မပါ ဖြူစင်နေမှာပါ၊
မြတ်စွာဘုရားသခင်လက်ထက်က နကုလပိတာနဲ့ နကုလမာတာဆိုတဲ စုံတွဲတစ် တွဲရှိခဲ့ဖူးပါတယ်၊အဲဒီဇနီမောင်နှံဟာ ဘဝဘဝများစွာအတူတူတွဲလာကြလို့ တစ်ယောက် နဲ့တစ်ယောက်အရမ်းကို ချစ်ကြပါတယ်၊
နောက်တစ်ခါ မြတ်စွာဘုရားနဲ့ကလဲ ဘဝဟောင်းတွေမှာ ဦးကြီး၊ မိကြီး၊ ဦးလေး၊ ဒေါ်လေးအဖြစ်နဲ့ အတူတူနေခဲ့ဖူးတာကြောင့် မြတ်စွာဘုရားကို စဖူးရတဲ့အချိန်မှာပဲ သူတို့နှစ်ယောက်စိတ်ထဲက သားတစ်ယောက်အနေနဲ့ ချစ်ခင်စိတ်ဖြစ်ကြပါတယ်။
အဲဒီလို မြတ်စွာဘုရားနဲ့ရင်းနှီနေတော့ တစ်နေ့မှာ မြတ်စွာဘုရားကို နကုလပိတာ က ”တပည့်တော်ဘုရား နကုလမာတာကို ငယ်ရွယ်စဉ်ကပဲချစ်ပြီး အိမ်ထောင်ပြုခဲ့ပါတယ်။ သူ့ကိုအိမ်ထောင်ပြုခဲ့တဲ့ အချိန်ကစပြီး တစ်ခြားတစ်ယောက်ကို ကိုယ်ထိလက်ရောက် မဆိုထားနဲ့ စိတ်နဲ့တောင် မပြစ်မှားမိပါဘုရား၊ နကုလမာတာကို ဒီဘဝမှာသာမက နောက်သံသရာထိပါ အမြဲကြည့်နေချင်တာပါဘုရား”လို့ လျှောက်ထားပါတယ်။
အဲဒီလိုလျှောက်ထားတာကို နကုလမာတာကကြားတော့ အားကျမခံ သူက လည်းမြတ်စွာဘုရားကို ”တပည့်တော်မလည်း ငယ်ရွယ်စဉ်အိမ်ထောင်ကျတဲ့ အခါမှစပြီး နကုပိတာရဲ့ အိမ်ကိုလိုက်ခဲ့ပါတယ်ဘုရား၊ အဲဒီအချိန်ကစလို့ တပည့်တော်မဟာ တခြားယောကျာ်းများကို စိတ်ကူးမျှပင်မထည့်ပါ၊ နကုလပိတာ ကိုသာ ဒီဘဝမှာလည်း အမြဲတွေ့နေချင်၊ နောက်ဘဝမှာလည်း ထာဝရမြင်ချင်နေပါတယ် ဘုရား”လို့ လျှောက် ထားပါတယ်။
အဲဒီလိုလျှောက်ထားလိုက်တော့ မြတ်စွာဘုရားသခင်က ဘဝဆက်တိုင်း ဇနီးခင် ပွန်းတွေ ရွှေလက်တွဲပြီး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနေနိုင်ဖို့ အချက်လေးချက်ကို ဟောပြပါတယ်။
အဲဒီအချက်လေးချက်ကတော့၊
(၁) ဇနီးမောင်နှံနှစ်ယောက်ဟာ သဒ္ဓါ= ယုံကြည်ချက်တူရမယ်၊
(၂) သီလ=ကိုယ်ကျင့်တရားတူရမယ်။
(၃) စာဂ= ပေးကမ်းလှူဒါန်းတာတူရမယ်။ မောင်လှူရင် မယ်ကြည်ဖြူပြီး မယ်လှူပြန် ရင် မောင်ကကြည်ဖြူရမယ်၊
(၄) ပညာ= တစ်ယောက်နဲ့တစ်ယောက် ပညာအရည်အချင်းတူရမယ်၊ ဒါမှမဟုတ် အတွေးအခေါ် အဆုံးအဖြတ်တွေတူရမယ်တဲ့၊
ပြောပြခဲ့တဲ့ အချက်လေးချက်နဲ့ မောင်နှံနှစ်ဖြာဟာ ညီကြမယ်ဆိုရင် ဒီဘဝသာမက ဘဝသံသရာအဆက်ဆက် တစ်သက်မခွဲ ရွှေလက်တွဲနိုင်မှာဖြစ် ပါတယ်၊ ဒါကြောင့် လူဘဝတိုတိုလေးမှာ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ လျှောက်လှမ်းနိုင်ဖို့ ပြောပြခဲ့တဲ့ အချက်ကလေးတွေနဲ့ တူညီအောင် ကြိုးစားကြည့်စေချင်ပါတယ်၊
အဲဒီလိုကြိုစားကြမယ်ဆိုရင် ကွာတဲ့သတင်း၊ ကွဲတဲ့အသံဟာ ဟိုဝေးဝေးကို ပြေးသွားမယ်ဆိုတာ သေချာပါတယ်၊
ဒါတွေကို အလွယ်လင်္ကာလေးနဲ့မှတ်ချင်ရင်တော့
“လူ့မြေရပ်ခွင်၊ အိမ်ရှင်အိပ်သူ၊ မြတ်ရည်တူလျှက်၊ ဆုယူညီမျှ၊ လှူဒါနနှင့်၊
သီလမယိုင်၊ သဒ္ဓါပြိုင်မူ၊ ဘုန်းလှိုင်ကျော်ကြား၊ မိုးနတ်သားနှင့်၊
ဆွေဝါးဇနီး၊ နတ်သမီးသို့၊ ကောင်းချီးအံ့ရာ၊ စုမိရာလျှက်၊
သံသာနောင်လဲ၊ ချစ်စည်းမပြေ၊ ရှည်ကြာလေ၏” ဆိုတဲ့ လင်္ကာလေးနဲ့ မှတ်သားထား လိုက်ပါ။ မှတ်သားပြီးရင် လိုက်နာဖို့လည်း မမေ့နဲ့နော်။ ။
ရွှေမန်းသား (အရှင်အင်္ကုရ)
No comments:
Post a Comment